အရောင်များနှင့်လက်ဖြာခြင်း


အ၀ါရောင်

၃.၁။ အ၀ါရောင်နှင့် ဆက်နွယ်ခြင်း



အ၀ါရောင်ဟာ ၀မ်းမြောက်ခြင်း နဲ့ နွေးထွေးခြင်းရဲ့ အရောင်ပါပဲ။

အ၀ါရောင် (yellow) ဆိုတဲ့ စကားလုံးဟာ ရှေးသုံး အင်္ဂလိပ် စကားမှာ geolu (သို့မဟုတ်) geolwe လို့ သုံးစွဲခဲ့ပါတယ်။ မှတ်တမ်းတွေအရ ပထမဆုံး yellow ဆိုတဲ့ စကားလုံးကို တွေ့ရှိခဲ့တာက အင်္ဂလိပ် ရှေးကဗျာတစ်ပုဒ်ဖြစ်တဲ့ Beowulf ကဗျာမှာ သစ်သားဒိုင်းတစ်ခုကို ဖော်ပြတဲ့ အရောင်အသုံးအနှုန်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အ၀ါရောင်ဟာ တတိယမြောက် ချက်ကရ (၀ါ) Manipura ချက်ကရ နဲ့သက်ဆိုင်တဲ့ အရောင်ဖြစ်ပါတယ်။ Manipura ကို ရတနာမြို့တော် (city of jewels) လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်။ ချက်ဝန်းကျင်မှာတည်ရှိတဲ့ချက်ကရဖြစ်ပြီး Solar Plexus Chakra လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။

အ၀ါရောင်ဟာ မျက်လုံးတွေကို ထိခိုက်စေတတ်တဲ့ အရောင်လည်းဖြစ်တယ်။ အ၀ါရောင် နောက်ခံ ပါတဲ့ ပုံတွေနဲ့ ကွန်ပြူတာ နောက်ခံပုံတွေဟာမျက်လုံးအတွက်မသင့်တော်ပါဘူး။ အ၀ါရောင်ဟာ စိတ်ကိုရှုပ်ထွေးပြီး ဒေါသထွက်စေတတ်တယ်။ ကလေးငယ်တွေဟာ အ၀ါရောင်အခန်းတွေမှာ ပိုပြီးငိုလေ့ရှိတယ်။ အ၀ါရောင်ဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေတယ်။ အ၀ါရောင်ဟာ မြင်ဖို့ အလွယ်ဆုံး အရောင်ဖြစ်လို့ ဆွဲဆောင်တဲ့နေရာမှာသုံးတယ်။ ကြော်ငြာတွေနဲ့ သတိပေးဆိုင်းဘုတ်အ၀ါရောင်လေးတွေမှာ မြင်နိုင်ပါတယ်။ အနီရောင်မပြောင်းခင် အ၀ါရောင်နဲ့ လှမ်းပြီး သတိပေးလိုက်တဲ့ မီးပွိုင့်လေးတွေမှာလည်း အဲဒီ အ၀ါရောင်ရဲ့ သဘောတရားတစ်ချို့ကို တွေ့နိုင်ပါတယ်။

အ၀ါရောင်ကို သူရဲဘောနည်းတဲ့ အသားဝါရောဂါ နဲ့ သူရဲဘောနည်းတဲ့သူ တွေကို ကိုယ်စားပြုပြီးသုံးတာမျိုးလည်းတွေ့ရပါတယ်။ အမေရိကန် ဗန်းစကားမှာတော့
ငကြောက်ဆိုတဲ့ အနက်အဓိပ္ပါယ်ကို yellowbellied" , "yellow" စသဖြင့် သုံးစွဲကြပါတယ်။ အ၀ါရောင်ဟာ အိုမင်းဆွေးမြေ့မှုသဘောကိုဖော်ကျူးတဲ့ စကားလည်းဖြစ်ပါတယ်။ ၀ါသော စာမျက်နှာဆိုရင် အိုမင်း ၀ါဖျော့နေပြီ လို့ဆိုလိုပါတယ်။

အရှေ့တိုင်းသားတွေကိုလည်း လူဝါတွေလို့ သုံးစွဲကြတာလည်းတွေ့ရပါတယ်။ အီတလီ မှာတော့ အ၀ါရောင်ကို giallo လို့သုံးစွဲပါတယ်။ မှုခင်းတွေ၊ ရာဇ၀တ်မှုတွေနဲ့ပါတ်သက်တဲ့ ဇာတ်လမ်းတွေကို အ၀ါတွေလို့ပြောလေ့ရှိပါတယ်။တရုတ်ပြည်မှာတော့ အ၀ါရောင်ရုပ်ရှင်ဆိုရင် အင်္ဂလိပ်တွေသုံးစွဲတဲ့ (blue movie) အပြာကားတွေနဲ့ သဘောတရား ဆင်တဲ့ဇာတ်လမ်းတွေလို့ ဆိုလိုပါတယ်။ အီဂျစ်မှာတော့ ပူဆွေးမှုအတွက် အ၀ါရောင်ကို အသုံးပြုကြပါတယ်။ အငြင်းပွားဖွယ်ရာတွေကို အသားပေးဖော်ပြတဲ့ ဂျာနယ်လစ်ဇင် ကိုကြတော့ အ၀ါရောင် ဂျာနယ်လစ်ဇင် လို့ခေါ်ကြပါတယ်။

အ၀ါရောင်ဖဲကြိုးတွေဟာ မိသားစုမှာ စစ်ထွက်သွားတဲ့ခင်ပွန်းသည်နဲ့ သားတွေကို မျှော်တဲ့ အမျိုးသမီးတွေ သူတို့ရဲ့ သားသမီးတွေ နဲ့ခင့်ပွန်းသည်ကို စောင့်စားမျှော်လင့်တဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ချစ်ခင်သူတွေကို ကြိုဆိုတဲ့အထိမ်းအမှတ် အဖြစ် အ၀ါရောင်ဖဲကြိုးလေးတွေကို အသုံးပြုလာကြပါတယ်။

၃.၂။ အ၀ါရောင်နှင့် ကျောက်မျက်ကုထုံး



(Gem Stone Therapy) အ၀ါရောင်ကျောက်တွေကို ငွေကြေးပြဿနာတွေ ကျော်လွှားဖို့အဓိက ၀တ်ဆင်ကြပါတယ်။ ပယင်းကျောက်နဲ့ တခြားအ၀ါရောင် ကျောက်မျက်တွေဟာ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တန်ဖိုးထားမှုနဲ့ လေးစားမှု တွေကို တိုးတက်စေပါတယ်။ အ၀ါရောင်ကျောက်မျက်တွေဟာ ၀တ်ဆင်သူကို တပါးသူတွေအပေါ်မှာ ယုံကြည်မှုကို ဖြစ်ပေါ်စေပြီး အနာဂတ်ကို အကောင်းမြင်စေနိုင်ပါတယ်။ စိတ်ဖိစီးပူပန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း အပါအ၀င် ကြောက်ရွံ့မှုကြောင့် ဖြစ်တတ်တဲ့ တခြားသော စိတ်ပိုင်းဆိုင်ရာ မညီမျှမှုတွေကို ပျောက်ကင်းစေပါတယ်။

၃.၃။ အ၀ါရောင်နှင့် အရောင်ကုထုံး

အ၀ါရောင်စွမ်းအင်ဟာ ဉာဏ်ပညာ၊ ရည်မှန်းချက်၊ သိပ္ပံပညာ၊ မိမိကိုယ်ကို ယုံကြည်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ အ၀ါရောင်စွမ်းအင်ဟာ အာရုံကြော နဲ့ အရေပြား ရောဂါ ၊ အစာမကြေမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာပျောက်ကင်းအောင် ကူညီပေးပါတယ်။ အ၀ါရောင်စွမ်းအင်ဟာ ဦးနှောက်၊ အသည်း ၊ သရက်ရွက်၊ ကျောက်ကပ် နဲ့ မှတ်ဉာဏ် အတွက် အကျိုးပြုပြီး ဗီတာမင် အေ ကိုပေးတယ်လို့ဆိုပါတယ်။
ရွှေဝါရောင်ကို ကိုယ်ခန္ဓာ အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ သုံးနိုင်ပါတယ်။ ရွှေဝါရောင်ဟာ သင်ယူမှုစွမ်းရည်ကို ထက်မြက်စေတယ်လို့ ဆိုပါတယ်။
အ၀ါရောင်စွမ်းအင်ဟာ ကြွက်သားထိန်းချုပ်မှုတွေကိုလွှမ်းမှိုးပါတယ်။ သွေးကို သန့်စင်စေပြီး သွေးဖြူဥတုတ်လုပ်မှုကို အားပေးပါတယ်။
အ၀ါရောင်ဟာစိတ်အားထက်သန်ခြင်းနဲ့ အကောင်းမြင်တတ်ခြင်းကို အားပေးတဲ့အတွက် စိတ်ဖိစီးမှုကိုသက်သာစေဖို့ သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် အ၀ါရောင်ဟာ အစာအိမ်အပါအ၀င် အညစ်အကြေးစွန့် အင်္ဂါ အဖွဲ့အစည်ကိုလည်း အထောက်အကူပြုပါသေးတယ်။

၃.၄။ အ၀ါရောင်သုံးစွဲသင့်သောနေရာ

အ၀ါရောင်ကို စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေမှာ သုံးစွဲသင့်ပါတယ်။ ခံတွင်းမြိန်စေတဲ့ အနီနဲ့ ဆွဲဆောင် ညှို့ငင်နိုင်တဲ့ အ၀ါကို တွဲဖက်သုံးဆွဲထားတဲ့ Mac ဘာဂါဆိုင် ဆိုင်းဘုတ်တွေကို ကြည့်ရင် အရောင်ရဲ့ အစွမ်းကို စနစ်တကျသုံးစွဲထားတာတွေ့နိုင်ပါတယ်။ အ၀ါရောင်ရဲ့ ဆွဲဆောင်မှုကို အထူးသဖြင့် အ၀တ်အထည်တွေမှာ အသုံးပြုကြပါတယ်။ အသားအရည် တောက်ပတဲ့သူများ အတွက် အ၀ါရောင်ဟာ ပိုမို ၀င်းလဲ့စေပါတယ်။
ဖုန်းရွှေဆရာတွေကတော့ အ၀ါရောင်ဟာ ဖုန်းရွှေပညာမှာ နေရဲ့အလင်းရောင်လို့အဓိ ဓိပ္ပါယ်ရပါတယ်။ အ၀ါရောင်ဟာ အခန်းကိုလင်းစေပြီး နွေးထွေးလှိုက်လှဲမှုကိုဖြစ်စေပါတယ်။ ကလေးတွေအခန်းတွေနဲ့ မိသားစု အခန်းတွေမှာ အ၀ါရောင်ကို သုံးစွဲသင့်တယ်လို့ ဖုန်းရွှေဆရာတွေကဆိုပါတယ်။ အ၀ါရောင်ဟာ ဖုန်းရွှေရဲ့မီးဓာတ်ကို အနီရောင်ထက်နဲ့ယှဉ်ရင်ပိုပြီး နူးညံ့တဲ့နည်းနဲ့ ရရှိအောင်လုပ်နိုင်တယ်လို့ ဆိုပါတယ်။


၎။အစိမ်းရောင်

၎.၁။ အစိမ်းရောင်နှင့် ဆက်နွယ်ခြင်း


အစိမ်းရာင်ဟာစိတ်ကိုသက်တောင့်သက်သာဖြစ်စေတဲ့အရောင်။ ချက်ကရမှာဆိုရင်လည်း နှလုံးချက်ကရ heart chakra(Anahata) နဲ့ ဆက်စပ်နေတဲ့အရောင် ဖြစ်ပါတယ်...။
အစိမ်းရောင်ဟာ ကမ္ဘာမြေမှာတည်ရှိနေတဲ့ သစ်ပင်ပန်းမန်အများစုရဲ့ အရောင် ။ ကလိုရိုဖီးတွေကြောင့် စိမ်းမြနေတဲ့ သစ်ပင်ပန်းမန်တွေကြားမှာ လျှောက်သွားရရုံတဲ့ ငြိမ်းချမ်းခြင်းတွေ စိမ့်ဝင်လာတတ်တာ ကလည်း အစိမ်းရောင်ရဲ့ လျှို့ဝှက်နက်ရှိုင်းမှုတစ်ခုပါပဲ။ ရှေးအင်္ဂလိပ်စကားလုံး growan ဆိုတာနဲ့ဆက်စပ်နေပါတယ်။ အဓိပ္ပာယ်က ရှင်သန်ကြီးထွားစေသည်( “to grow”) ဖြစ်ပါတယ်။
အင်္ဂလိပ်စာမှာတော့ အစိမ်းရောင်ကို ဖျားနာတာ နဲ့ မနာလို ၀န်တိုတာတွေမှာ သုံးစွဲလေ့ရှိပါတယ်။ ဥပမာ မနာလိုဖြစ်ရင် green with envy ၊ နေမကောင်းဖြစ်တဲ့အခါ “green around the gills” ဆိုပြီးသုံးနှုန်းကြပါတယ်။ အမေရိကန် slang အရတော့ green ဆိုတာ ငွေကြေး(cash) ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေကို green parties တွေလို့ခေါ်ဝေါ်ကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ကြတာကိုတော့ green movements လို့ခေါ်ကြပါတယ်။ ဂေဟ စနစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှေးရှုဆောင်ရွက်တဲ့ နိုင်ငံရေးအယူအဆကို တော့ Green politics လို့သုံးနှုန်းပါတယ်။ ၁၉၈၀ လောက်ကစတင်ပြီး Green politics တွေ စတင်လာပါတယ်။
စာပေတွေမှာ သဘာဝတရားကို ဖော်ညွှန်းဖို့ အစိမ်းရောင် ကို အသုံးပြုလေ့ရှိကြပါတယ်။ မရင့်ကျက်သေးတဲ့ သဘောကိုလည်း အစိမ်းရောင်နဲ့တင်စားကြပါတယ်။ ရှေးအီဂျစ် နတ် အိုဆီးရစ် Osiris ဟာ အစိမ်းရောင် အသားအရည်ရှိပြီး သူက သေခြင်းနဲ့ နောက်ဘ၀ကို အဆုံးအဖြတ်ပေးတဲ့ နတ်လို့ အယူရှိကြပါတယ်။ အဲဒါကြောင့်ပဲ အစိမ်းရောင်ကို အီဂျစ် အယုအဆတစ်ခုမှာ ပြန်လည်ရှင်ပြန်ခြင်းသဘောသက်ရောက်တယ်လို့ အယူရှိကြပါတယ်။
ဘာသာရေးအရတော့ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုန်းကြီးတွေဟာ ၀ါတွင်းကလာလမှာ အစိမ်းရောင် သင်္ကန်းကို ၀တ်ဆင်ကြပါတယ်။အစိမ်းရောင်ဟာ အစ္စလာမ် ဘာသာတရားရဲ့သာသနာမှာသုံးတဲ့အရောင် ဖြစ်ပါတယ်။ အစ္စလာမ်နိုင်ငံတွေရဲ့အလံတွေမှာ အစိမ်းရောင်ကို အများဆုံးသုံးကြပါတယ်။
လူကိုယ်ခန္ဓာမှာ ဖြာထွက်နေတဲ့အလင်းကို အာရုံခံပြီးလုပ်ကြတဲ့ သုတေသနအရ အစိမ်းရောင် အလင်းရောင်ဖြာတဲ့သူတွေဟာ ဆေးကုသခြင်းနဲ့ ပတ်သက်တာကို လုပ်ကိုင်ကြတဲ့သူတွေ၊ သဘာဝတရားကို ချစ်တတ်သူတွေဖြစ်တတ်တယ်လို့ တွေ့ရှိရပါတယ်။

၎.၂။ အစိမ်းရောင်နှင့် ကျောက်မျက်ကုထုံး

မြကျောက်ကို အစိမ်းရောင် အရောင်ကုထုံးအတွက်အသုံးပြုပါတယ်။ မြကျောက်ဟာ အသက်ဓာတ်၊ အဟာရနဲ့ ရုပ်ပိုင်းဆိုင်ရာ ကုသခြင်း စွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ မြကျောက် ဟာ ခန္ဓာကိုယ်ကို အစိမ်းရောင် အလင်းဖြန့်ကျက်ပြီး အသက်ဓာတ်စွမ်းအင်ကို ဖြည့်ပေးတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်စေတဲ့ သဟဇာတမဖြစ်ခြင်းတွေကို ပျက်ပြယ်စေတဲ့ အစွမ်းရှိပါတယ်။ မြကျောက်ကို တစ်ဆင်စာ ၀တ်ဆင်မယ်ဆိုရင် စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို သက်သာလျော့ပါးစေပါတယ်။ မြကျောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ခွန်အားပြည့်စွမ်းစေပြီး ပိုပြီးသတိသမာဓိကောင်းတဲ့ စိတ်အခြေအနေကို ဖြစ်ထွန်းစေပါတယ်။

၎.၃။ အစိမ်းရောင်နှင့် အရောင်ကုထုံး

အစိမ်းရာင်ဟာခင်မင်ရင်းနှီးမှု၊ မျှော်လင့်ချက်၊ ယုံကြည်မှုနဲ့ ငြိမ်းချမ်းမှုတွေကိုပေးစွမ်းနိုင်တဲ့အတွက် စိတ်ချမ်းသာမှုကို အထောက်အကူပြုအောင် သုံးစွဲကြပါတယ်။ အစိမ်းရောင်ဟာ နုပျိုမှုကို အားပေးတဲ့ စွမ်းအင်တွေရှိတဲ့အတွက် အစိမ်းရောင်ကို အာရုံစူးစိုက်ပေးခြင်းအားဖြင့် နုပျိုခြင်းကို အထောက်အကူပြုတယ်လို့ဆိုပါတယ်။ ဦးနှောက်ရဲ့ ပီကျူထရီ ဂလင်းကို လှုံ့ဆော်ပေးတဲ့ သတ္တိလည်းရှိပါတယ် (ပီကျူထရီ ဂလင်းဟာ ဟော်မုန်းတွေကို စစ်ထုတ်ပေးတဲ့ ဂလင်းဖြစ်ပါတယ်။)။ အစိမ်းရောင်ဟာစိတ်ငြိမ်သက်စေတဲ့ အစွမ်းလည်းရှိပါတယ်။
အစိမ်းရောင်ဟာ နှလုံးချက်ကရကို အကျိုးသက်ရောက်စေပြီး အလိုအလျောက် အာရုံကြောစနစ် ( autonomic nervous system) ကို ညီမျှစေပါတယ်။ နှလုံးရောဂါကုသမှု၊ သွေးတိုးရောဂါကုသမှု၊ အစာအိမ်ရောဂါကုသမှု၊ စိတ်ပူပန်းခြင်းရောဂါကုသမှု၊ ခေါင်းကိုက်ရောဂါ ကုသမှုတွေမှာ အစိမ်းရောင်ကို သုံးစွဲကြပါတယ်။
အစိမ်းရောင်ဟာ ညီညွတ်မျှတစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် စိတ်တည်ငြိမ်မှုရစေဖို့ အထူးသဖြင့်သုံးစွဲပါတယ်။ အက်စစ်ဓာတ်လွန်ကဲမှု နဲ့ ကိုယ်ပူတာတွေအတွက်လည်းသုံးစွဲနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ညီညွတ်မျှတစေပြီး ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေပါတယ်။
အစိမ်းရောင်ရဲ့ ရှင်သန်ကြီးထွားစေတဲ့ အစွမ်းကြောင့် အစိမ်းရောင်ကို ကင်ဆာနဲ့ အကြိတ်နဲ့ပတ်သက်တာတွေမှာမသုံးစွဲဖို့ သတိပေးထားတာကိုလည်း တွေ့ရပါတယ်။


၎.၄။ အစိမ်းရောင်သုံးစွဲသင့်သောနေရာ

အစိမ်းရောင်ဟာ ဖုန်းရွှေပညာအရ အသစ်ဖြစ်ခြင်း နဲ့ လန်းဆန်းလတ်ဆတ်ခြင်းတွေကို ဆောင်ယူလာမယ်လို့ အဓိပ္ပါယ်ရပါတယ်။ အစိမ်းရောင်ဟာသစ်သားဓာတ်နဲ့ဆက်နွယ်နေတဲ့အရောင်လို့လည်းဆိုပါတယ်။ ကျန်းမာရေးကို အထူးပြုတဲ့သဘောရှိပါတယ်။ သဘာဝတရားမှာ တည်ရှိနေတဲ့ ကုသခြင်း အစွမ်းတွေကို အစိမ်းရောင်က သင့်ဆီကို စီးဆင်းလာစေမယ်လို့ ဖုန်းရွှေဆရာတွေက ဆိုပါတယ်။ အထူးသဖြင့် နေအိမ် (သို့) ဆိုင်ခန်းရဲ့ အရှေ့၊ တောင်ဘက်နဲ့ အရှေ့တောင်အရပ်တွေမှာ အစိမ်းရောင်ကိုသုံးစွဲဖို့ အကြံပြုပါတယ်။ အစိမ်းရောင်ကို သုံးစွဲရာမှာ နေအိမ် ခြံဝင်းရဲ့ အတွင်းမှာ ၀ါးပင်လို အစိမ်းရောင်ကို စိုက်ပျိုးတာကိုလည်း စနစ်တကျသုံးစွဲရင် အစီအရင် တစ်ခုလိုဖြစ်ပြီး စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုကို အထောက် အကူဖြစ်စေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အစိမ်းရောင်ကို အခန်းတွေမှာ သုံးစွဲတဲ့အခါ ဆေးသုတ်တာထက် ခန်းဆီးလိုက်ကာ နဲ့ သစ်ပင်တွေကို သုံးဖို့ ပိုမိုသင့်တော်တယ်လို့ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

မိုးZအိမ်

1 Comment:

  1. Unknown said...
    ကျောက်မြတ်အကြောင်းလေးတွေ များများတင်ပေးစေချင်ပါတယ်

Post a Comment



Blogger Template by Blogcrowds