မောပန်းနွမ်းနယ် အားအင်ကုန်ခမ်းမှုကို ပြန်လည် အားပြည့်လာစေမည့် နည်း ၆ နည်း

ညနေ သုံးနာရီလောက်ပဲရှိဥိးမယ်။ ကိုယ့်ကိုယ်ကို ဘက်ထရီချာဂျင် ကျနေလာပြီဖြစ်တဲ့ ပစ္စည်းတစ်ခုလို ခံစားလာရပြီ။ ခြေလက်တွေ မသယ်ချင်တော့ဘူး။ အလုပ်တွေက လေးနာရီခွဲ ငါးနာရီ ဆို ပြီးပြီ ဆိုပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာက အဲဒီမှာ ပြီးမှာမဟုတ်သေးတဲ့အတွက် ဒီလို ဖြစ်နေလို့ မဖြစ်ဘူးထင်ပါတယ်။ အမျိုးသမီး အများစုဟာ အိမ်ထောင်ရှင် ဆိုရင် အိမ်ထောင်ရှင် အလျောက် ကလေးကြိုရမယ်။ မိဘတွေကို ပြင်ဆင်လုပ်ကိုင်ပေးရမယ်။ အိမ်အလုပ်တွေရှိတယ်။ လိုအပ်တာတွေ ဝယ်ချမ်းဖို့ရှိတယ်။ ညစာပြင်ဆင်ရမယ်။ ခွေးကလေး ကြောင်ကလေးတွေရှိရင် အစာကျွေးရမယ်။ အိမ်ထောင်မရှိလည်း ကလေး အလုပ်ကလွဲရင် တခြားအလုပ်တွေတော့ လုပ်ရဦးမှာပါပဲ။ အနည်းဆုံး ကိုယ့်တစ်ကိုယ်ရေ သန့်ရှင်းရေး ကျန်းမာရေးအတွက်သာမက လူမှုရေးတွေပါ လုပ်စရာတွေ အများကြီးပါ။ ခု ပြောနေတဲ့ လုပ်စရာ စရင်းကို ဖတ်ရင်ကိုပဲ တော်တော်မောနေလောက်ပြီ။ ဒါ အသေးစိပ်တွေ မပါသေးပါဘူး။ ဒီတော့ တစ်နေ့ တစ်နေ့ ညနေ သုံးနာရီလောက်မှာ ချာဂျင်ကျပြီး အားအင် ကုန်ခမ်း မောပမ်းနွမ်းနယ် လာတဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ သိမှ ဖြစ်ပါတော့မယ်။

ဒိမှာ အားအင်ကုန်ခမ်း နွမ်းနယ်လာမှုကို တိုက်ဖျက်ပေးမယ့် နည်း ၆ နည်းရှိပါတယ်။ တချို့နည်းက လေးနာရီလောက်မှာစမယ့် အစည်းအဝေးအတွက် ချက်ချင်း အားအင်ပြန်ရစေမှာမျိုး ဖြစ်ပြီး တချို့ နည်းတွေကတော့ ရေရှည် ကျင့်ကြံရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ လိုအပ်တာက စိတ်ရှည်ဖို့ပါ။ ဒီနည်း တွေကို လိုက်နာဆောင်ရွက်ပြီးပြီ ဆိုတာနဲ့ ကိုယ့်ကိုယ်ကို လန်းဆန်းစွာ ပြန်လည် ပွင့်ဖူးလာတဲ့ ပန်းတစ်ပွင့်လို မြင်ရပါလိမ့်မယ်။

ပထမနည်း . စွမ်းအင်ဖြည့်ပေးမယ့် အစားအစာ

စွမ်းအင် ဖြည့်ပေးမယ့် အစားအစာ ဆိုလို့ ချောကလက်ဘား တွေ၊ အချိုတွေလို့ မြင်လိုက်မိသလား။ သကြားဓာတ်ဟာ ချက်ချင်းပြန်ပြီး လန်းဆန်းစေတယ် ဆိုပေမယ့် တစ်နာရီအတွင်း ပြန်ပြီး အားပြန်လျော့ စေနိုင်ပါတယ်။ လွယ်ကူပြီး တာရှည်လည်း ခံမယ့် စွမ်းအင်ကို ရရှိနိုင်မယ့် အစားအစာကတော့ ပရိုတင်း ဓာတ်နဲ့ ကာဘိုဟိုက်ဒြိတ်ပေါင်းစုံ ပါဝင်တဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်မယ့် သားရေစာတွေပါပဲ။

ကာဘိုဟိုက်ဒြိတ်ဓာတ်ပေါင်း ပါဝင်တဲ့ အစားအစာတစ်ခုက ဂျုံနဲ့ချည်း ပြုလုပ်ထားတဲ့မုန့်ပါ။ ဆိုလိုတာက ကြက်ဥတွေ၊ နို့တွေ၊ သကြားတွေ ရောနှောပါဝင်နေတဲ့ ပေါင်မုန့်မျိုး မဟုတ်တာပါ။ အဲလို ဂျုံချည်းသက်သက် နဲ့လုပ်ထားတဲ့ မုန့်နဲ့ အဆီထုတ်ထားတဲ့ ထောပတ် တွဲစားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း မြေပဲနဲ့လုပ်ထားတဲ့ peanut butter ကိုလည်း သုံးနိုင်ပါတယ်။ ဒါအတွဲအဖက်ရဲ့ လျို့ဝှက်ချက်ကတော့ ကာဘိုဟိုက်ဒြိတ် ဓာတ်ပေါင်းစုနဲ့ ပရိုတင်းဓာတ် တွဲဖက်ထားတာပါပဲ။ ဒါက အစာကို ချေဖျက်ရာမှာ ရိုးရိုး ကာဘိုဟိုက်ဒြိတ်ကို ချေဖျက်တာထက် ပိုပြီး နှေးကွေးပါတယ်။ ဒါ့အပြင် သင့်သွေးထဲက ဂလူးကို့စ် ကိုလည်း မြှင့်တင်ပေးပါတယ်။ ဒီလို စားလိုက်တာက အချိုတစ်ခုခုကို စားပစ်လိုက်တာထက်ပိုပြီး အကျိုးရှိပြီး တာရှည်ခံပါတယ်။

ဒုတိယနည်း . ကာဘိုဟိုက်ဒြိတ်နဲ့အမျှင်ဓာတ် မြင့်မားတဲ့ မနက်စာ

ရေတို-ရေရှည် စွမ်းအင်ပြည့်နေစေဖို့အတွက် မနက်တိုင်း ကာဘိုဟိုက်ဒြိတ်နဲ့အမျှင်ဓာတ် မြင့်မားတဲ့ အစားအစာကို မနက်စာအဖြစ် စားသုံးတာကို အကျင့်လုပ်ပေးပါ။ ဒီလို စားသုံးတာဟာ ဘယ်လို အကျိုး သက်ရောက်မှု ရတယ်ဆိုတာကို လေ့လာသူတွေက တင်ပြထားပါတယ်။ သူတို့က ကာဘိုဟိုက်ဒြိတ်ဓာတ် ကြွယ်ဝတဲ့ မနက်စာနဲ့ မကြွယ်ဝတဲ့ မနက်စာ နှစ်မျိုးကို ယှဉ်ပြပါတယ်။ကာဘိုဟိုက်ဒြိတ်ကြွယ်ဝတဲ့ မနက်စာ ( အမျှင်ဓာတ် နည်းတာရောများတာရော) နဲ့ အဆီများတဲ့ မနက်စာယှဉ်လိုက်တဲ့ အခါမှာ ကာဘိုဟိုက်ဒြိတ် ဓာတ်နဲ့ အမျှင်ဓာတ်များတဲ့ မနက်စာက မနက်စာနဲ့နေ့လည်စာကြား အချိန်တစ်ချိန်လုံးမှာ အလန်းဆန်းဆုံး ဖြစ်နိုင်စေတာကို တွေ့ရပါတယ်။

သင့်ရဲ့ တစ်နေ့တာ အစပြုတဲ့ အစားအစာထဲမှာ ကာဘိုဟိုက်ဒြိတ်နဲ့ အမျှင်ဓာတ် ပြည့်ဝဖို့ ဆိုရင် ဂျုံကြမ်းချည်း သက်သက်နဲ့ လုပ်ထားတဲ့ မုန့်၊ သို့မဟုတ် အမျှင်ဓာတ်အများကြီးပါတဲ့ cereal တွေလိုအပ်ပါတယ်။ cereal ( ကွေကာ) ခွက်တစ်ဝက်ဟာ အမျှင် ၁၄ ဂရမ်လောက် ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်အများကြီ ပါဝင်တဲ့ ပေါင်မုန့်တွေဆို တစ်ချပ်မှာ အမျှင်ဓာတ် ၆ ဂရမ်လောက်ပါတာ တွေ့ရပါတယ်။ တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်ကို ၂၅ ဂရမ်ကနေ ၃၀ ဂရမ်လောက် ဝင်အောင် စားနိုင်ရင် အကောင်းဆုံးပါပဲ။

တတိယနည်း . နားချိန်ယူပါ

တစ်နေ့တစ်နေ့ လုပ်စရာတွေ ဗာဟီရတွေက သိပ်များပါတယ်။ ဒါတွေကို မြန်မြန်ပြီးအောင် လုပ်ဖို့ကလည်း မလွယ်ပါဘူး။ ဒါပေမယ့် မိနစ်အနည်းငယ်လောက် ဘာဆိုဘာမှမလုပ်ပဲ အနားယူလိုက်တာကလည်း အဲဒီ မောပမ်းနွမ်းနယ်နေမှုတွေကို ကျော်လွှားနိုင်စေပြီး ပိုမိုအလုပ်တွင်စေပါတယ်။ ငါးမိနစ်ကနေ ဆယ်မိနစ် လောက်ထိ အနားယူလိုက်တာဟာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရုတ်တရက် ပြန်ဖြည့်ပေးနိုင်ပါတယ်။ အဲဒီလို အလေ့အထလေး တစ်ခု ထားလိုက်တာက ရေရှည်အတွက် ကောင်းပြီး မောပမ်းနွမ်းနယ် အားအင်ကုန်ခမ်းမှုကို မဖြစ်စေတော့ပါဘူး။

လေ့လာတွေ့ရှိချက်တွေအရ အလုပ်ကို တစ်နာရီလုပ်ပြီး စက္ကန့်သုံးဆယ်လောက်နားတာ၊ နှစ်နာရီလောက် ကွန်ပျူတာရှေ့ထိုင်ပြီးရင် ၁၄မိနစ်လောက် နားတာမျိုးတွေကို လုပ်ပေးတာဟာ အလုပ်ကို ပိုမို တွင်ကျယ် စေတယ်လို့ ဆိုပါတယ်။

စတုတ္ထနည်း . ကိုယ်လက်လှုပ်ရှားမှု

စွမ်းအင်တွေ အလွယ်တကူပြန်လည် ဖြည့်တင်းပေးနိုင်ဖို့အတွက် အလုပ်သိပ်များတဲ့ နေ့စဉ်ကိစ္စတွေထဲက ဆယ်မိနစ်လောက် ယူပြီး လမ်းလျှောက်ထွက်ပါ။ ဒါမှမဟုတ် ရုံးက ကော်ရစ်ဒါ စင်္ကြံမှာလည်း လျှောက်နိုင်ပါတယ်။ လမ်းလျှောက်တာဟာ စွမ်းအင်ဖြည့်ပေးခြင်း တစ်မျိုးပါပဲလို့ လေ့လာသူ တစ်ဦးက ဆိုပါတယ်။ ၁၀မိနစ်လောက်လေး လျှောက်လိုက်ရုံနဲ့ကို သင့်ရဲ့ မောပမ်း နွမ်းနယ်အားအင် ကုန်ခမ်းနေသလို ခံစားရမှုတွေကို ကျော်လွှားနိုင်ပါတယ်။

၁၀မိနစ်လောက် လမ်းလျှောက်လိုက်တာဟာ သိပ်မောပမ်းနွမ်းနယ်နေလို့ အချိုတစ်ခုခုစားလိုက်တာထက် ပိုပြီး အကျိုးရှိ၊ အာနိသင်ဖြစ်ပါတယ်။ အဲလို လမ်းလျှောက်လိုက်တာဟာ နောက်ထပ် နှစ်နာရီလောက် အလုပ်လုပ်နိုင်ဖို့ အားအင်တွေ ပြန်ပြည့်လာနိုင်စေပါတယ်။ အချိုစားလိုက်တာက ရုတ်တရက်တော့ လန်းလာသလို ဖြစ်ပေမယ့် တစ်နာရီလောက်ကြာရင် နဂိုမူလအခြေအနေထက် ပိုဆိုးလာတာ တွေ့ရပါလိမ့်မယ်။

ပဉ္စမနည်း . ငါးမိနစ်လောက် တရားမှတ်ပါ

မြောက်များလှစွာတော့ လေ့လာချက်တွေရဲ့ တွေ့ရှိမှုအရ တရားထိုင်ခြင်းက မောပမ်းနွမ်းနယ် အားအင် ကုန်ခမ်းမှုကို တိုက်ထုတ်ပစ်လိုက်နိုင်တယ်လို့ တွေ့ရပါတယ်။ ဖယောင်းတိုင်တွေ ဘာတွေလည်း ထွန်းထားစရာမလိုပါဘူး။ တင်ပလ္လင်ခွေ ထိုင်ပြီး မှတ်ရုံပါပဲ။ ခဏတဖြုတ် မှတ်နိုင်ရုံနဲ့တင် သိပ်အကျိုးရှိတာ ကိုတွေ့ရပါလိမ့်မယ်။ သုံးမိနစ်လောက် စိတ်ကိုငြိမ်အောင်ထားပြီး တရားမှတ်လိုက်တာဟာ သင့်ရဲ့ ပြေးလွှား လှုပ်ရှားနေတဲ့ မတည်ငြိမ်တဲ့ စိတ်တွေကို လျှော့ချပေးလိုက်နိုင်ပါတယ်။ သင့် အားအင်ကို သင် ထိန်းချုပ် လိုက်နိုင်ပြီး ပြန်လည် လန်းဆန်းမှုကိုရစေပါတယ်။

ကိုယ့်ရဲ့ တစ်နေ့တာကို မိနစ်ပိုင်းလောက် တရားမှတ်ခြင်းနဲ့ စတင်လိုက်နိုင်မယ်ဆိုရင်ကို အတော်လေး ကောင်းနေပါပြီ။ မနက်အိပ်ယာက မထခင် မိနစ်အနည်းငယ်ကနေစပြီး တစ်နေကုန် အနားယူလိုက်တိုင်း သုံးမိနစ်ကနေ ငါးမိနစ်လောက်စီ ၊ အိမ်က တိတ်ဆိတ်တဲ့နေရာမှာ သို့မဟုတ်ရုံးက ကိုယ့်အခန်းလေးထဲမှာ ကိုယ် တရားမှတ်မယ် ဆိုရင် သင့်အတွက် အရမ်းအကျိုးရှိမှာ အသေအချာပါပဲ။

မျက်စိကို အသာမှိတ်လိုက်ပါ။ အသက်ကို အနည်းငယ် ပြင်းပြင်းရှူလိုက်ပါ။ ခန္ဓာကိုယ်ကို ဖြေလျှော့ချလိုက်ပြီး အတွေးတွေဝင်လာရင်လည်း အဲဒါတွေကို ကောင်းကင်ကတိမ်တွေလို့ သဘောထားပြီး သူ့ဟာသူ လွင့်နေပါစေ။ ကောင်းမွန်တဲ့ အာရုံကိုပဲရယူပါ။ ဥပမာ နေဝင်ချိန်အလှတို့၊ သာယာလွန်းတဲ့ ရှုခင်းတို့ ကမ်းခြေတို့ …။

ဆဌမနည်း . ဘယ်သူတွေက ကိုယ့်စွမ်းအင်တွေကို ယုတ်လျော့စေလဲ လေ့လာပါ

ရေရှည်မှာ သင့်စွမ်းအင်တွေကို မြှင့်တင်ဖို့အတွက်က ကိုယ့်အတွက် အဆင်ပြေတဲ့ လူတွေနဲ့ပဲ ထိတွေ့ ဆက်ဆံဖို့ပါပဲ။ ဒါပေမယ့် အမြဲတမ်းလည်း ဒီလိုချည်းနေဖို့ ဘယ်အခွင့်ရပါ့မလဲ။ ကိုယ့်ပတ်ဝန်းကျင်မှာက ကိုယ်နဲ့အဆင်ပြေတဲ့သူ မပြေတဲ့သူဆိုတာက အမြဲရှိနေတတ်တာ မဟုတ်လား။ အနည်းဆုံးတော့ စိတ်တို ဒေါသထွက်နေတတ်တဲ့ အလုပ်ရှင်ကအစ၊ ကိုယ်ကို စိတ်ဒုက္ခပေးတတ်တဲ့ ဘတ်စ်ကားစပယ်ယာအလယ်၊ အချိုးမပြေတဲ့ စူပါမားကက်က ငွေရှင်းသူအဆုံး၊ အမျိုးမျိုး ကြုံရမှာပါပဲ။

ဒါပေမယ့် သိထားရမှာက အဲဒီလို ကိုယ့်ကို စိတ်ဒုက္ခပေးနိုင်သူတွေကပဲ သင့်ဆီက စွမ်းအင်တွေကို ကျသွားအောင် လုပ်ဆောင်နိုင်တာပါ။ တချို့လူတွေက သင့်ကို သိပ်ပြီး စိတ်ဖိစီးစေတာကိုလည်း သင်သိမှာပါပဲ။ သူတို့ဟာ သင့်ဆီက စွမ်းအင်တွေကို စုတ်ယူပစ်လိုက်တဲ့ စွမ်းအင်စုတ်ဖုတ်ကောင်တွေပဲပေါ့။ သူတို့ စုတ်ယူသွားတဲ့အတွက် သူတို့နဲ့လည်း ထိတွေ့ဆက်ဆံပြီးရော သင်ခွေလဲကျသွားတော့တာပဲ မဟုတ်လား။

ဒီတော့ ဘယ်လိုလူတွေက သင့်ကို စိတ်ဒုက္ခရောက်စေပြီး ဘယ်လိုလူတွေက စိတ်ဖိစီးမှုကို ပေးနေတယ် ဆိုတာ သိအောင် အရင်ဆန်းစစ်ပါ။ သူတို့နဲ့ ခဏလေးတွေ့လိုက်ရုံနဲ့ စွမ်းအင်တွေ အောက်ဆုံးထိ ထိုးကျသွားတတ်တဲ့သူမျိုးဆိုရင် သေချာပါတယ်။ သူတို့ဟာ သင့်စွမ်းအင်တွေကို စုတ်ယူနေတဲ့ ဖုတ်ကောင် တွေပါပဲ။ ဘယ်သူဟာ ဘယ်လို ဆိုတာ သိပြီဆိုမှတော့ ကိုယ့်အတွက် ကြိုတင်ပြင်ဆင်လိုက်ရင် နေရထိုင်ရ သက်သာလာပါလိမ့်မယ်။ အရေးအကြီးဆုံးက စိတ်ကိုပြင်ဆင်ထားဖို့ပါပဲ။ အတတ်နိုင်ဆုံးလည်း ဒီလူတွေကို ရှောင်ဖို့ပဲကြိုးစားပါ။ မလွှဲသာလို့ ရင်ဆိုင်ရမယ်ဆိုလည်း ပေါ့ပေါ့ပါးပါး ဖြစ်အောင် လေ့ကျင့်ပြင်ဆင်ထားပါ။

နှင်းဆီရဲရင့်

Blogger Template by Blogcrowds