လှပသောမျက်နှာလေးအတွက် မိတ်ဆွေများနှင့်ရန်သူများ

တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဘယ်အမျိုးသမီးမဆို မှန်ထဲကြည့်ရင်း ပထမဆုံး ထွက်ပေါ် လာမယ့် အရေးအကြောင်းတစ်ခုကို အထိတ်တလန့် သတိပြုလိုက်မိမယ့် အချိန် ဆိုတာရှိလာမှာပါပဲ။ တချို့အမျိုးသမီးတွေအတွက်ကတော့ ဒါဟာ သဘာဝပဲ ဆိုပြီး လက်ခံလိုက်နိုင်ပေမယ့် တချို့ကျတော့ ကြောက်လန့်တကြား နဲ့ ချက်ချင်း နောက်ဆုံးပေါ် anti-ageing cream တွေအကြောင်းလေ့လာမေးမြန်းတော့တာပါပဲ။
ဒီအလှအပပစ္စည်းတွေက တကယ်တမ်း အရေးအကြောင်းတွေပျောက်ဖို့ တစ်နည်းနည်းနဲ့ ကာကွယ်ပေးတာမှန်ပေမယ့် တကယ့်တကယ်ကျ တော့ နေထိုင် စားသောက်မှုကလည်း အရေးပါပါသေးတယ်။ ဘယ်လိုပဲကျားကန်လို့ရတယ်ဆိုဆို တကယ့်တကယ်ကျတော့ သဘာဝအရ အိုမင်းရင့်ရော်လာမှုကိုတော့ ဘယ်သူမှ ထိန်းချုပ်ထားလို့မရပါဘူး။ မျိုးရိုးဗီဇ အရဖြစ်တည်လာတဲ့ အရာတွေကလည်းတားဆီးပြုပြင်လို့မရပါဘူး။ တချို့တွေက အသက် လေးဆယ်ကျော်တဲ့ထိ ဆံပင်မဖြူကြပေမယ့် တချို့ကျတော့ မျိုးရိုးအရ အသက်နှစ်ဆယ် လောက်ကတည်း ဆံပင်ဖြူလာကြတယ်။တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။
အဲဒီထဲမှာမှ ထိန်းချုပ်လို့ရတဲ့ အခြေအနေတွေက နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှု၊ ဆေးလိပ်နဲ့ အရက်သေစာ သုံးစွဲမှု နဲ့ နေထိုင်စားသောက်မှု တွေပါပဲ။ အစားအသောက်မှာ လည်း သင်ဘာတွေစားသုံးတယ်ဆိုတာပေါ်မူတည်ပြီး အိုမင်းရင့်ရော်မှုကို အရှိန်မြင့်စေ ကျစေနိုင်ပါတယ်။
အစားအစာတွေထဲမှာမှ ဒီနေ့ထိ အဓိက ရှောင်ကျဉ် ရမယ်လို့ တညီတညွတ်တည်း အတည်ပြုထားကြတဲ့အရာတစ်ခုကတော့ သကြားပါ။ အချိုဓါတ်ပါ။ သူကသင့်သွားတွေကို သာ ပျက်စီးစေမှာမဟုတ်ပါဘူး။အဝလွန်စေသလို ကင်ဆာရောဂါကိုလည်းဖြစ်စေနိုင်ပါ သေးတယ်။ အဲဒီအချိုဓါတ်က အရေးအကြောင်းတွေအပေါ် ဘယ်လို ထိခိုက်တယ်ဆိုတာ ကိုကြည့်ကြရအောင်။ ဆစ်ဒနီက Dermatologist တွေကြွက်ကလေးတွေ၊ကြွက်ကြိးတွေ နဲ့ စမ်းသပ်စစ်ဆေးတွေ့ရှိထားချက်တွေပါ။

အချိုပမာဏ
သွေးထဲမှာ ပါဝင်တဲ့ အချိုဓါတ်ဟာ ပရိုတင်းနဲ့ချိတ်ဆက်မိပြီး glycation ဆိုတဲ့ဖြစ်စဉ် တစ်ခုကိုဖြစ်စေပါတယ်။ သူက မော်လီကျူးအသစ်တွေကိုဖြစ်တည်စေပြီး အဲဒီမော်လီကျူး တွေက ပရိုတင်းနဲ့ အနားနီးက အရာတွေအားလုံး(အဲထဲမှာ elastin and collagen တွေ လည်းပါတယ်)ကိုဖျက်ဆီးပစ်လိုက်တာမို့ အရေးအကြောင်းတွေကိုပိုပြီးဖြစ်ပေါ်စေပါတယ်။ ပြီးတော့ အဲဒီ ဖြစ်စဉ်က ခန္ဓာကိုယ်ထဲက သဘာဝ antioxidant တွေကိုလည်း လျော့ကျ စေပါတယ်။ ဒါကြောင့် ရလာဒ်အနေနဲ့က သကြားများများစားသုံးတာဟာ အရေးအကြောင်း တွေကိုပိုများစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါက ကြွက်ကလေးတွေနဲ့ စမ်းသပ်မှုအရပါ။ လူတွေမှာတော့ လက်တွေ့စမ်းသပ်မှုမပြုရသေးလို့ သက်သေမပြနိုင် သေးပါဘူး။
ပညာရှင်တစ်ယောက်ကတော့ သကြားဓါတ်ကို နာမည်တစ်မျိုးပေးပါတယ်။Nutrient Robbers တဲ့။ အဟာရဓါတ်ကိုဓါးပြတိုက်သူပေါ့။ သူတို့ဟာ အာဟာရဓါတ်တွေနေရာမှာ အစားထိုးဝင်ရောက်ကြပြီး သူတို့မှာပါဝင်တဲ့ အရာတွေကတော့ ပြည့်ဝဆီ၊ပြောင်းလဲဆီနဲ့ ဆိုးကျိုးဖြစ်စေတဲ့အဆီတွေပဲပါဝင်ပါတယ်။
ဒီလို အချိုဓါတ်များတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်နိုင်မှုကိုလည်း လျော့ ကျစေပြီး အိုမင်းရင့်ရော်မှုကိုလည်း မတားဆီးနိုင်ပါဘူး။ သူတို့က တစ်ရှူးတွေပျက်စီးမှုကို အားပေးပြီး ယောင်ရမ်းပျော့တွဲလာမှုကိုလည်းဖြစ်စေနိုင်ပါသေးတယ်။
ဒီအတွက် အကောင်းဆုံးရွေးချယ်စားသောက်နေထိုင်မှုက မျက်နှာပေါ်က အရေးအ ကြောင်းတွေ လှိုင်းတွေကို ပင်လယ်ထဲ သွားပစ်ထားလိုက်လို့ရနိုင်တယ်လို့ပညာရှင်တွေနဲ့ သုတေသီတွေက ဆိုပါတယ်။ ဘာကိုစားကြမလဲ..ဆိုတော့ လတ်ဆတ်တဲ့အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ အဆီမပါတဲ့အသား၊အဆီများတဲ့ငါး စတာတွေပါပဲ။ ဒီထဲမှာမှ အဆီများတဲ့ငါးက အိုမင်းရင့်ရော်မှုကို အများဆုံးတားဆီးပေးနိုင်တဲ့အရာဖြစ်တာ တွေ့ရပါတယ်။
ဒီအစားအစာတွေဟာ အာဟာရဓါတ်အပြည့်အဝပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်မှုစနစ် အတွက်လည်း အကျိုးရှိစေပါတယ်။ သွေးလှည့်ပတ်မှုကိုလည်းမှန်ကန်စေနိုင်တဲ့အပြင် အသားအရေရဲ့ အစိုဓါတ်ကိုလည်းထိန်းထားနိုင်တာတွေ့ရပါတယ်။ အပေါ်ယံလိမ်းရတဲ့ ခရင်မ် တွေဘာတွေဆိုတာက အရည်ပြားရဲ့အပေါ်ယံအလွှာလောက်ကိုသာအားဖြည့်နိုင် တာပါ။ အတွင်းပိုင်းနက်နဲတဲ့နေရာတွေအတွက်ကတော့ ခုလို အစားအသောက် အနေ အထိုင်မှန်ကန်မှုကမှပဲထိန်းထားနိုင်မှာဖြစ်ပါတယ်။

သင့်အသားအရေအတွက် စားသင့်တဲ့အစားအစာများ
+ လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ (ဒါတွေက ဗီတာမင်တွေ အင်တီအောက် စီဒင့်တွေနဲ့ပြည့်ဝနေပါတယ်)


+ သံဓါတ်ပြည့်ဝတဲ့အစားအစာတွေဖြစ်တဲ့ အဆီမပါတဲ့အနီရောင်ရှိတဲ့အသား၊ ကြက်သား၊ ငါးနဲ့ ဥ အမျိုးမျိုး

+ကျန်းမာရေးအတွက် လိုအပ်တဲ့ အသားဓါတ် ( အဆီမပါတဲ့အသား၊ငါး၊ကြက်သား၊ဥ၊ ဒိန်ခဲ နဲ့ အဆီမပါတဲ့နို့ထွက်ပစ္စည်းတွေ)
+ရေ (အစိုဓါတ်ထိန်းသိမ်းမှုအတွက်)
+အချိန်မှန်စားဖို့ (စားတဲ့ထဲမှာ တစ်နေ့စာထဲမှာ ဟင်းသီးဟင်းရွက် ငါးကြိမ်နဲ့ အသီးအနှံ အနည်းဆုံး နှစ်စိပ်လောက်စီ ပါရပါမယ်)
+အမျှင့်ဓါတ်မြင့်မားတဲ့အစားအစာ( ဂျုံကြမ်းပေါင်မုန့်..သူက အစာအိမ်ကိုပုံမှန်အလုပ်လုပ် စေပြီး ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆိပ်ဓါတ်တွေကိုလည်း ဖယ်ရှားပါတယ်)

+အိုမီဂါ ၃ ဖက်တီအက်ဆစ်ပါတဲ့အစားအစာတွေ (အရေပြားကလိုအပ်တဲ့အဆီကို ပြန်ဖြည့်တင်းပေးဖို့..တူနာ၊ဆယ်လမွန်၊ပင်လယ်ငါးသလောက်၊စသဖြင့်အဆီများတဲ့ငါးတွေ)




သင့်အသားအရေအတွက် ရှောင်ရမယ့်အရာများ
+ပြုပြင်ဖန်တီးထုတ်လုတ်ထားတဲ့အစားအစာ ( ကိတ်၊ဘီစကွတ်၊အစာသွပ်မုန့်)

+ကဖင်းဓါတ်ပါတဲ့အရည် (ကော်ဖီ၊လက်ဘက်ရည်၊အချိုရည်တွေ ဒါတွေက အသားအရေ ကိုအစိုဓါတ်ခန်းခြောက်စေတယ်။)

+အရက် ဘီယာ (သူကလည်းအသားအရေကိုခန်းခြောက်စေပါတယ်။)

+ပြည့်ဝဆီ (သူကတော့ ကျန်းမာရေးအတွက်လုံးဝကိုမကောင်းပါဘူး)

+ ပုံမှန်အစားမစားတာ (ဒါက အသားအရေအတွက်ပုံမှန်လိုအပ်တဲ့ အာဟာရကို လျော့စေနိုင်လို့ပါ)
+ဆေးလိပ်သောက်တာ(ဒါကလည်းအသားအရေကိုထိခိုက်စေပါတယ်)

+နေရောင်တိုက်ရိုက်ထိတွေ့တာ ( ဒါကလည်း အသားအရေကိုထိခိုက်စေတဲ့အပြင် ပျက်စီးစေ အိုမင်းရင့်ရော်မှုမြန်စေပါတယ်။)

ဆူးခက်ညို

အရောင်များနှင့်လက်ဖြာခြင်း


ခရမ်းရောင်


၇.၁။ ခရမ်းရောင်နှင့် ဆက်နွယ်ခြင်း



ခရမ်းရောင်ဟာ …. သက်တံရဲ့နောက်ဆုံးအရောင်ပါ …။

၁၉၈၆ ၀န်းကျင်မှာ ကဗျာဆရာမ ရိုဇက်တီဟာ ခရမ်းရောင်ပန်းများဆိုတဲ့ ကဗျာစုကို ရေးခဲ့ပါသေးတယ် …။ သူ့ရဲ့ထင်ရှားတဲ့ ဆောင်းရာသီ ခရမ်းရောင်ပန်းများဆိုတဲ့ ကဗျာမှာ
ခရမ်းရောင်ပန်းကို နွေဦးအတွက် သိမ်းထားလိုက်သလို
ချစ်ခြင်းတရားကို လူငယ်ဘ၀အတွက် သိမ်းထားလိုက်ပါ …
(Keep love for youth, and violets for the spring,) လို့ဖွဲ့ခဲ့ဖူးပါတယ်….။

ခရမ်းရောင် အယူအဆတွေထဲမှာ တရုတ်ပန်းချီရဲ့ ခရမ်းရောင်ပေါ် သတ်မှတ်မှုက ထူးခြားပါတယ် …။ စကြ၀ဠာရဲ့ လိုက်လျောညီထွေဖြစ်မှုကို ဖော်ညွှန်းတဲ့ အရောင်လို့ သတ်မှတ်ကြပါတယ် …။ အနီရောင် (ယန်) နဲ့ အပြာရောင် (ယင်) တို့ကို ပေါင်းစပ်ထားတဲ့ သဘောနဲ့ ဒီလိုသတ်မှတ်ကြတာပါ …။ ယူကေမှာတော့ ခရမ်းရောင်ကို ချောကလက် အကောင်းစားထုပ်ပိုးဖို့သုံးစွဲခဲ့ပါတယ် …။ ဟိန္ဒူဝါဒမှာတော့ ခရမ်းရောင်ဟာ ခုနစ်ခုမြောက် သရဖူ ချက်ကရ (crown chakra) နဲ့ဆက်နွယ်နေပါတယ် …။ Ascended Master Teachings ဆိုတဲ့ ဘာသာရေးအဖွဲ့တစ်ခုမှာတော့ ခရမ်းရောင်ဟာ သူတို့ရဲ့ သူတော်စင် St. Germain ကို ရည်ညွှန်းပါတယ်။ သူတို့ရဲ့ တရားကျင့်စဉ်တွေမှာ ခရမ်းရောင်မီးတောက်ကို အာရုံမှာထင်မြင်စေတဲ့ နည်းလမ်းမျိုးတွေကို သုံးစွဲကြပါတယ်။ ခရစ်ယာန်တွေအတွက်ကတော့ ၀ါတွင်းကာလနဲ့ ခရစ်စမတ်တွေမှာ ဘုရားစင်နဲ့ ဘုန်းတော်ကြီးတွေရဲ့ သင်္ကန်းအရောင်ကို ခရမ်းရောင် သုံးစွဲလေ့ရှိပါတယ်။ ခရမ်းရောင်ဖဲကြိုး လှုပ်ရှားမှု (The Violet Ribbon Campaign) ဆိုတဲ့ အဖွဲ့ဟာ ကင်ဆာရောဂါဝေဒနာရှင် တွေအတွက် နှစ်သိမ့်ဆွေးနွေးပေးတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။

လူကိုယ်ခန္ဒာရဲ့ အလင်းကို အာရုံသိနဲ့သိတဲ့သူတွေရဲ့အဆိုအရ ခရမ်းရောင်အလင်းဖြာတဲ့သူတွေဟာ ပါဖော်မင့် အနုပညာရှင်တွေ၊ ဓာတ်ပုံဆရာတွေ၊ အာကာသယာဉ်မှုးတွေ၊ အနာဂတ်ဟောသူတွေ နဲ့ ကွမ်တမ် ရူပဗေဒပညာရှင်တွေဖြစ်လေ့ရှိတယ်လို့ပြောပါတယ်။





၇.၂။ ခရမ်းရောင်နှင့် ကျောက်မျက်ကုထုံး



ခရမ်းရောင်ကျောက်တွေကို လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ဥာဏ်ပညာဆိုင်ရာ စွမ်းရည်တွေတိုးတက်ဖို့အတွက် သုံးစွဲလေ့ရှိပါတယ်။ ခရမ်းစွဲ(Amethyst) ကို အရောင်ကုထုံးအတွက် အသုံးပြုကြပါတယ်။ ခရမ်းစွဲဟာ ကျောက်မျက်ရတနာအနေနဲ့ ဈေးသက်သာသလို ဦးနှောက် ဆဲလ်တွေအတွက်လည်း အထောက်အကူပြုတယ်လို့ဆိုပါတယ်။

၇.၃။ ခရမ်းရောင်နှင့် အရောင်ကုထုံး

ခရမ်းရောင်က သရက်ရွက် အင်္ဂါ အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။ ပြန်ရည်အဖွဲ့အစည်း နှလုံးအဖွဲ့အစည်းနဲ့ လှုပ်ရှားမှုဆိုင်ရာ ကြွက်သားတွေကို ထိန်းချုပ်ပေးပါတယ်။ ဦးနှောက်ရဲ့ အပေါ်ခြမ်းမှာရှိတဲ့ သွေးကို အားဖြည့်ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် တွေကို မျှတညီညွတ်စေပါတယ်။ အရိုးတွေကိုလည်း ကြီးထွားစေပါတယ်။ ခရမ်းရောင်ဟာထိုးထွင်းဥာဏ်ကို ပွင့်လင်းစေပြီး စိတ်ကူးစိတ်သန်းကို အထောက်အပြုပြုစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရိုင်းစိုင်းကြမ်းတမ်းတဲ့သူတွေအတွက် ခရမ်းရောင်ဟာ စိတ်ငြိမ်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ခရမ်းရောင်အလင်းဟာ ဦးခေါင်းမှာရှိတဲ့ သရဖူချက်ကရ (ပွင့်လွှာတစ်ထောင်ကြာလို့လည်းခေါ်ပါတယ်။) ကို ထိန်းချုပ်နိုင်ပါတယ်။ ဆီးအိတ်နဲ့ပတ်သက်တဲ့ရောဂါတွေ၊ ကြွက်တက်တာတွေ၊ စိတ်ပိုင်းဆိုင်ရာမညီညွတ်တာတွေ ကိုသက်သာစေပါတယ်။



၇.၄။ ခရမ်းရောင်သုံးစွဲသင့်သောနေရာ

ခရမ်းရောင်ကို စာကြည့်ခန်း၊ ဘုရားခန်းနဲ့ အိပ်ခန်းတွေမှာ ခပ်ဖျော့ဖျော့သုံးဖို့အကြံပြုကြပါတယ်။ အထူးသဖြင့် အာရုံစူးစိုက်ရမယ့်နေရာမျိုးမှာ ခရမ်းရောင်ကို စနစ်တကျသုံးစွဲသင့်တယ်လို့ ဖုန်းရွှေဆရာတွေက ပြောပါတယ်။ ခရမ်းရောင်ရဲ့လွှမ်းမိုးမှုဟာ လူ့စိတ်ကို ပျော့ပြောင်း အေးချမ်းစေတဲ့သဘောရှိတဲ့အတွက် ခရမ်းရောင်ပါတဲ့ ပန်းချီးကားမျိုးကို ချိတ်ပေးတာကလည်း စိတ်ချမ်းသာမှုကို အထောက်အကူပြုနိုင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ခရမ်းရောင်ပန်း ပန်းချီကားတွေဟာ အခန်းရဲ့ အေးချမ်းမှုကို ဖြည့်စွက်ပေးနိုင်တယ်လို့ဆိုပါတယ် …။

အရောင်များနဲ့လက်ဖြာခြင်း နိဂုံး
လောကမှာနေ့စဉ် မြင်နေတွေ့နေရတဲ့ အရောင်တွေဟာ စိတ်ကို လွှမ်းမိုးနိုင်ပါတယ် …။ စံပယ်ပန်းလေးတစ်ပွင့်ဟာ ရင်ထဲမှာ ငြိမ်းချမ်းစေသလို စိမ်းစိုညို့မှိုင်းတဲ့တောတန်းလေးဟာ စိတ်ကိုသဘာဝတရားထဲကို ပြန်လည်ရုံးစု တည်ရှိစေပါတယ်။ နီညိုရောင်သင်္ကန်းဆင်မြန်းပြီး ဆွမ်းခံကြွလာတဲ့ သံဃာတန်းကို အဝေးကနေမြင်လိုက်ရုံနဲ့ စိတ်ဟာ ကြည်ညို ညွတ်နူးသွားတတ်ပါတယ်…။ တစ်ခါတစ်ရံ မသိမသာ၊ တစ်ခါတစ်ရံ သိသိသာသာ လွှမ်းမိုးနေတတ်တဲ့ ဘ၀ထဲက အရောင်တွေကို စနစ်တကျသုံးစွဲတတ်မယ်ဆိုရင် ပိုပြီး ကျန်းမာပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘ၀တစ်ခုတည်ဆောက်ခြင်းမှာ အထောက်အကူဖြစ်ပါလိမ့်မယ် …။ ကောင်းကင်မှာ ကွေးညွတ်လှပနေတဲ့ သက်တံတစ်ခုလို လှပသွယ်ပျောင်းတဲ့ ဘ၀တစ်ခုစီကို ကိုယ်စီကိုယ်ငှ တည်ဆောက်နိုင်ပါစေ ….။ ။
မိုးZ


ဦနှောက်အတွက် လိုအပ်တဲ့အစားအစာ

ဟိုးငယ်စဉ်တည်းက ကြားဖူးခဲ့တာကတော့ ငါးစားရင်ဥာဏ်ကောင်းတယ်တဲ့။ ဒါပေမယ့် ခုချိန်မှာတော့ ငါးဟာ ဦးနှောက်ကိုမြှင့်တင်ပေးတဲ့ တစ်ခုတည်းသောအစားအစာ မဟုတ်တော့ပါဘူး။ အခြားပိုစိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်စရာအစားအသောက် တွေရှိလာခဲ့ပါပြီ။ လေ့လာတွေ့ရှိခဲ့ကြပါပြီ။
အစားအစာနဲ့ အာဟာရဓါတ်တွေဟာ ဦးနှောက်ရဲ့ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ကိန်းဂဏန်းပမာဏတစ်ခုရှိတဲ့ နာ့ဗ်ကြောတွေကို ချိတ်ဆက်ထားတဲ့ နေရာကို ဆဲလ်နံရံတွေမှာတွေ့နိုင်တဲ့ fatty acid ကထိန်းချုပ်ထား တယ်ဆိုတာ သိရပါတယ်။ အင်မတန်အားကောင်းတဲ့ antioxidants တွေက အိုမင်းရင့် ရော်မှုကိုထိန်းချုပ်တားဆီးပေးပါတယ်။နောက် ကြက်ဥထဲမှာတွေ့ရတတ်တဲ့ choline ဓါတ် အပါအဝင် အာဟာရဓါတ်တွေကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အထောက် အကူပေးပါတယ်။
ဒီတော့ ဦးနှောက်ကို အထောက်အကူပြုပါတယ် လို့ သုတေသနပညာရှင်တွေက ဆိုတဲ့ အခြားသော အစားအသောက်တွေကိုကြည့်ရအောင်။

ဆယ်လမွန်ငါး




Omega 3 fatty acid တင်မကပါဘူး။ အခြား ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေလည်းရနိုင်ပါတယ်။ လည်ပင်းကြီးရောဂါကိုလည်း ကာကွယ်ပေးပြီး။သွေးတိုးလည်းကျစေပါတယ်။နီမြန်းရောင်ရမ်းမှုတွေကိုလည်း ကာကွယ် ပေးပါတယ်။အစောပိုင်းလေ့လာတွေ့ရှိမှုတွေအရ အဆီများတဲ့ငါးကို စားသုံးသူနဲ့မစားသုံး တဲ့သူယှဉ်ရင် မစားသုံးသူတွေက စားသုံးသူတွေလောက် အသက်ရလာတဲ့အခါ စဉ်းစား တွေးခေါ်နိုင်မှု မရှိတော့ပဲ ကျဆင်းသွားတယ်လို့ဆိုပါတယ်။

အနီရောင်အသား




အနီရောင်ရှိတဲ့အသားတွေက အာဟာရသိပ်သည်းမှုအတော်များပြီး အဓိက အာဟာရ ဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊omega 3 fatty acidနဲ့ ဗီတာမင် ဘီ အုပ်စုတွေပါဝင်ပါတယ်။ ဒါ့ အပြင် သူတို့ဟာ သံဓါတ်နဲ့ ဇင့်ဓါတ်တွေအတွက် အကောင်းဆုံးအရင်းအမြစ်လည်း ဖြစ်နေ ပါသေးတယ်။ ဒီဓါတ်နှစ်ခုလုံးကလည်း ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေလည်ပတ်မှုမှာ အရေးပါတဲ့ ဓါတ်တွေဖြစ်ပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ သံဓါတ်ဟာ စဉ်းစားတွေးခေါ် မှု ဖြစ်စဉ်တွေမှာ အဓိက အရေးပါတဲ့ဓါတ်လို့လည်းဆိုပါတယ်။ လတ်တလောမှာတော့ ဇင့် ဓါတ်ချို့တဲ့တဲ့သက်ကြီးရွယ်အိုတွေမှာ စဉ်းစာနိုင်မှုစွမ်းရည် ကျဆင်းတာကို တွေ့ရှိရတယ် လို့ဆိုပါတယ်။


သစ်ကြားစေ့





သစ်စေ့သစ်ဆံတွေဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကိုပေးပါ တယ်။ အဲလိုပေးတဲ့ထဲမှာမှ သစ်ကြားစေ့ကတော့ long-chain polyunsaturated fats အများဆုံးပါဝင်တဲ့သစ်စေ့ဖြစ်ပါတယ်။ တစ်နေ့ကို သစ်ကြားစေ့ ၃၀ဂရမ်စားတာဟာ ဆဲလ် နံရံဖွဲ့စည်းမှုကို အားကောင်းစေပါတယ်။ အဲဒါအပြင် သွေးထဲက ကိုလက်စထရော အဆင့် ကိုလည်းလျော့ကျစေပါတယ်။

ကြက်ဥ(သို့)ဥအမျိုးမျိုး





၁၉၈၀နဲ့ ၉၀ဝန်းကျင်နှစ်များဆီကတော့ ကြက်ဥမှာပါဝင်တဲ့ ကိုလက်စထရောတွေက လူရဲ့ သွေးထဲက ကိုလက်စထရောသိပ်သည်းမှုကိုပါ တိုးမြင့်စေတယ်လို့ဆိုတဲ့အတွက် လူတွေ ကြက်ဥသိပ်မစားဖြစ်ကြပါဘူး။ ခုတော့ အဲဒါဟာမှားတယ်လို့ သက်သေပြနိုင်ခဲ့ပါပြီ။ ဒါကြောင့် ကြက်ဥစားသုံးသူလည်းပြန်လည်များပြားလာပါတယ်။ ကြက်ဥက အသားဓါတ် မြင့်မားကြွယ်ဝရုံတင်မကပါဘူး။ နောက် ဆိုခဲ့သလိုပဲ choline လို့ခေါ်တဲ့ အာဟာရဓါတ် တစ်မျိုးအတွက်ကောင်းမွန်တဲ့ အရင်းအမြစ်လည်းဖြစ်ပါတယ်။အဲဒီဓါတ်က အသက်ဓါတ် ကိုဖြစ်စေတဲ့ဖြစ်စဉ်အတွက် ကောင်းမွန်ပြီး ဦးနှောက်ရဲ့လုပ်ငန်းစဉ်နဲ့ချိတ်ဆက်ထားတဲ့ ဆဲလ်အမှေးပါး ဖြစ်စဉ်နဲ့ အာရုံဖြန့်ကျက်မှုတွေအတွက် အထောက်အကူပေးပါတယ်။

ဂုံးခရု (Oyster)





ဇင့်ဓါတ်အကြွယ်ဝ အမြင့်မားဆုံးသော အစားအစာတစ်ခုဖြစ်ပါတယ်။ တစ်ကောင်ဆိုရင်ကို လူကြီးတစ်ယောက်နေ့စဉ်လိုအပ်တဲ့ သတ္တုဓါတ်အပြည့်ရနိုင်ပါတယ်။ ဇင့် ဓါတ်က အိုမင်းရင့်ရော်မှု အတွက်လည်း လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့် ဓါတ် လျော့နည်းတာဟာ ရောဂါပမာဏကိုများစေနိုင်ပါတယ်တဲ့။ ပါကင်ဆင်လို တုံတဲ့ရောဂါ၊ အယ်လ်ဇိုင်းမားလို မေ့လျော့တဲ့ရောဂါတွေ အပါအဝင်ပေါ့။ အသက်အရွယ်အရ အသားစား တာလျော့နည်းလာတဲ့သူတွေအနေနဲ့ ခုလို ဂုံးခရုတွေကိုအစားထိုးစားပေးသင့်ပါတယ်။

နောက်ထပ်ညွှန်းချင်တဲ့အစာတွေ
+ လက်တစ်ဆုပ်စာ သစ်စေ့ကိုနေ့တိုင်းစားပါ



+အပြင်ဖက်အစားထွက်စားတဲ့အခါ တူနာလို၊ဆယ်လမွန်လို၊အဆီများတဲ့ငါးကိုစားပေးပါ။
+အရောင်စုံတဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုစားပါ။



+အဆီမပါတဲ့အနီရောင်အသားတွေကို တစ်ပတ်သုံးကြိမ်လောက်စားပေးပါ။
+နေ့စဉ် လက်ဘက်ရည်ကြမ်း သို့မဟုတ် ကော်ဖီတစ်ခွက်တော့သောက်ပေးပါ။



+လတ်ဆတ်တဲ့ ဂုံးခရုကိုတစ်ပတ်တစ်ကြိမ်လောက်တော့စားပေးပါ။

မေမိုးစက်


သွေးတိုး(သို့)အသံတိတ်လူသတ်သမား

သွေးတိုးရောဂါဟာ ရောဂါလက္ခဏာ ထူးခြားသိသာမှုသိပ်မရှိတဲ့အတွက် တိတ်တဆိတ် သတ်ဖြတ်နေတဲ့ အသံတိတ်လူသတ်သမား (silent killer) တစ်ယောက်လိုပါပဲ။ သွေးတိုးရောဂါဟာ heart attack၊ kidney failure (ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာမျိုး)ကို ဖြစ်စေနိုင်သလို မျက်စိကွယ်ခြင်းနဲ့ အသည်းရောဂါနဲ့ တခြား အသက်အန္တရာယ်ဖြစ်စေတဲ့ရောဂါတော်တော်များများကို သယ်ဆောင်လာတဲ့ လာခြင်းမကောင်းသော ရောဂါတစ်ခုပဲဖြစ်ပါတယ်။

သွေးတိုးရောဂါရဲ့ အခြေခံ ရောဂါလက္ခဏာတွေကတော့

၁။ နှာခေါင်းသွေးလျှံခြင်း
၂။ ခေါင်းကိုက်ခြင်း
၃။ မအီမသာ မောပန်းနွမ်းနယ်ခြင်း
တွေဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ လက္ခဏာရပ်တွေမှာတော့
၁။အော့အန်ခြင်း
၂။အသက်ရှူခက်ခြင်း
၃။အလွန်အမင်း အိပ်ငိုက်ခြင်း
၎။ဂနာမငြိမ်ဖြစ်ခြင်း
၅။ဆီးထဲမှာ သွေးပါခြင်း
၆။ရင်ဘတ်အောင့်ခြင်း
၇။အမြင်အာရုံချို့တဲ့ခြင်း
အစရှိတာတွေဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါကို ဆေးဝါးမပါဘဲ ထိန်းချုပ်ခြင်း ၁၀နည်း

သွေးတိုးရောဂါအတွက် ဆေးဝါးနဲ့ထိန်းချုပ်နိုင်သလို ဆေးဝါးမပါဘဲ သွေးတိုးထိန်းနိုင်တဲ့နည်းလမ်းလေးတွေလည်းရှိပါတယ်။ မိမိတို့ရဲ့နေထိုင်စားသောက်မှုပုံစံ(lifestyle) ကို ပြင်ဆင်လိုက်မယ်ဆိုရင် ဆေးအများကြီးသောက်ရတဲ့သူတွေဟာ ဆေးကို လျှော့သောက်လာနိုင်မယ်။ ဆေးနည်းနည်းသောက်နေရသူတွေဟာ ဆေးသောက်စရာမလိုတော့ဘဲဖြစ်လာမယ်။ အထူးသဖြင့် ဆေးဝါးတွေကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချလာနိုင်ပါလိမ့်မယ်။
ဆေးဝါးကုသမှုဟာ သွေးတိုးထိန်းချုပ်ဖို့အတွက် အရေးအပါဆုံး အချက်လို့မယူဆထားသင့်ပါဘူး။ မိမိရဲ့နေထိုင်စားသောက်မှု(lifestyle) ဟာလည်း သွေးတိုးရောဂါ ကုသရေးအတွက် အင်မတန်အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို တည်ဆောက်နိုင်မယ်ဆိုရင် သွေးတိုးရောဂါ အတွက် ဆေးကုသမှုလိုအပ်ချက်ကို နည်းနိုင်သမျှနည်းအောင်၊ အနုစားအဆင့်တွေမှာဆိုရင် ဆေးကုသမှုလုံးဝမလိုအပ်တော့အောင် လျှော့ချနိုင်ပါလိမ့်မယ်။ သွေးတိုးရောဂါ ကာကွယ်ရေးအတွက် ရှိသင့်ရှိထိုက်တဲ့ lifestyle ၁၀ခုက ဒီလိုပါ။

၁။ ပေါင်ပိုတွေကိုလျှော့ချပြီး ၀မ်းဗိုက်အဆီစုပုံမှုတွေကို သတိပြုပါ

လူက အလေးချိန်များလာတာနဲ့အမျှ သွေးဖိအားတိုးလာလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ၁၀ ပေါင်လောက်လျော့သွားရုံနဲ့ သွေးဖိအားကို သိသိသာသာ လျော့စေပါတယ်။ ယေဘုယျပြောရရင်တော့ ကိုယ်အလေးချိန် နည်းသွားရင် သွေးဖိအားနည်းပြီး သွေးဖိအား အတွက်ဆေးကုသမှုတွေကို ပိုပြီး ထိရောက်သွားစေနိုင်တယ်။
ကိုယ်အလေးချိန်ကို လျှော့ချရုံနဲ့လည်းမပြီးသေးပါဘူး။ ခါးပတ်လည်မှာရှိတဲ့ အဆီစုပုံမှု၊ ၀မ်းဗိုက်အဆီစုံပုံမှုတွေကိုလည်း ဂရုတစိုက်စောင့်ကြည့်ရပါတယ်။ ခါးနားမှာ အလေးချိန်သိပ်များနေရင် သွေးတိုးဖို့ အန္တရာယ် အနေအထားပါပဲ။ အထူသဖြင့် ခါးက အမျိုးသားတွေမှာ လက်မ ၄၀ ထက်ပိုလာပြီဆိုရင် သတိထားပြီးလျှော့ချဖို့လိုနေပါပြီ။ အမျိုးသမီးတွေမှာဆို ၃၅ လက်မထက်မပိုသင့်ပါဘူး။ ဒါပေမယ့် အာရှက အမျိုးသားတွေအတွက်တော့ ခါး ၃၆ ဆိုတာ အန္တရာယ် အမှတ်အသားပါပဲ။ အာရှသူတွေအတွက်တော့ ခါး ၃၂ ဟာ စိုးရိမ်ရေမှတ်ပါပဲ။
ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်နှစ်လအတွင်းမှာ ဘယ်လောက် အလေးချိန်လျော့ချမယ်ဆိုတာကို သတ်မှတ်သင့်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာဘယ်လိုစားပြီး ဘယ်လို လေ့ကျင့်ခန်းမျိုးက သင့်တော်သလဲဆိုတာကို အကြံပေးနိုင်ပါတယ်။
အထူးသဖြင့် ညဉ့်နက်မှ သရေစာစားတာမျိုးနဲ့ တခါတည်း အများကြီးစားတာမျိုးကိုတော့ ထိထိရောက်ရောက် ရှောင်ကြဉ်ဖို့အကြံပြုပါတယ်။

၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ရပါမယ်။ အနည်းဆုံး တပါတ်မှာ သုံးလေးကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒီလိုပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ သင့် သွေးဖိအားကို ၄ မီလီမီတာ မာကျူရီ ကနေ ၉ မီလီမီတာ မာကျူရီ ကြားကျဆင်းစေနိုင်ပါတယ်။ ဒါဟာ သိပ်ကြာကြာမစောင့်ရတဲ့ အကျိုးကျေးဇူးပါပဲ။ တကယ်လို့သင်ဟာ ပုံမှန် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာပဲသိသိသာသာ အကျိုးရနိုင်ပါတယ်။
သွေးတိုးဖြစ်လာနိုင်ဖွယ်ရှိသူတွေဟာ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းအားဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းကနေ ကာကွယ်နိုင်ပြီး၊ သွေးတိုးရောဂါရှိသူတွေကလည်း လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ရင် သွေးတိုးကို စိတ်ချရတဲ့ အခြေအနေတစ်ခုမှာထိန်းထားနိုင်ပါတယ်။
ပုံမှန်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းတွေကိုပဲ ဆယ်မိနစ် ဆက်တိုက်လျှောက် ခဏနား၊ ဆယ်မိနစ်ဆက်လျှောက်နဲ့ သက်သက်သာသာလုပ်သွားတာတောင်မှ သွေးတိုးရောဂါအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်နိုင်ပါတယ်။
အထူးသဖြင့် စနေ၊ တနင်္ဂနွေလို နားရက်မှာလည်း မပျက်မကွက်လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်သွားတာက ပိုပြီးထိရောက်ပါတယ်။ မိမိနဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းကိုပဲ နိုင်သလောက်စလုပ်သွားဖို့လိုပါတယ်။

၃။ ကျန်းမာရေးနဲ့ညီညွတ်တာတွေစားပါ

အခု တကမ္ဘာလုံးမှာ အစိမ်းရောင် တွေ များများစားလာကြပါပြီ။ အသားကိုလျော့စားပြီး ဟင်းသီးဟင်းရွက်ကိုများများစားတာမျိုးပါ။ အသီးအအနှံပေါတဲ့ မြန်မာပြည်မှာတော့ အသီးအနှံကို များများစားပေးဖို့လွယ်ကူပါတယ်။ သွေးတိုးရောဂါအတွက် ထိရောက်တဲ့နည်းတစ်ခုပါပဲ။ အသီးအနှံတွေကိုလည်း ပြုပြင်ထားတဲ့ အသီး အကြီးကြီးတွေစားတာက တခြားမလိုလားအပ်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့အတွက် သဘာဝကျတဲ့ အသီးအနှံ နဲ့ ပိုးသတ်ဆေးသိပ်မသုံးထားတဲ့ အရွက်တွေကိုစားသုံးသင့်ပါတယ်။

လမ်းညွှန်ထားတာကတော့

• တနေ့တနေ့စားသောက်တာတွေကို မှတ်စုလေးလုပ်ထားပါ။

• ပိုတက်စ်စီယမ်တွေကို ပိုတိုးပြီးစားပေးပါ။ အမေရိကန်တွေဟာ ဆိုဒီယမ်ပါတဲ့ အစာတွေစားတာများကြလို့ သွေးပိုတိုးကြပါတယ်။ ဒါကြောင့် အသီးအနံတွေ အရွက်တွေလို ပိုတက်စ်စီယမ်များတဲ့ အစားအစာတွေပိုစားပေးကြပါတယ်။

• အသိဉာဏ်ရှိတဲ့စားသုံးသူဖြစ်ပါ။ ဈေးသွားမ၀ယ်ခင် ၀ယ်သင့်တာတွေမ၀ယ်မိဖို့ စာရင်းနဲ့ပဲသွားပါ။ စားသမျှတွေဟာ ကျန်းမာဖို့အတွက်စားပါ။ စားကောင်းပြီး ကျန်းမာရေးအတွက် အကျိုးမရှိတာ၊ ကျန်းမာရေးကိုပါထိခိုက်နိုင်တာတွေကို မစားမိအောင်သတိထားပါ။

စားသောက်ပူံစနစ်ဟာ တစ်သက်လုံးစားသောက်သွားဖို့ စနစ်တကျပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုစားသောက်ဖြစ်အောင် သတိထားပြီးလုပ်သွားကြရမှာပါ။ ဒါပေမယ့် ကိုယ်ကြိုက်တာတွေကို အားလုံးဖြတ်ပစ်လိုက်ဖို့တော့မလိုပါဘူး။ ကျန်းမာရေးကို မထိခိုက်စေတဲ့ အချိုးအဆနဲ့နည်းနည်းစီ ပြင်သွားရပါမယ်။ အထူးသဖြင့် အချိုတွေ အဆီများတာတွေကို မစားမိအောင် သတိထားသင့်ပါတယ်။ ဆီမသန့်နိုင်တဲ့အစာတွေကိုလည်း သတိထားပြီးရှောင်ကြဉ်ဖို့လိုပါတယ်။

၎။ဆိုဒီယမ်လျော့စားပါ

စားတဲ့အစားအသောက်တွေမှာ ဆိုဒီယမ်မပါတာ နည်းနည်းလျော့စားလိုက်ရုံနဲ့ သွေးဖိအားကို ၂ မီလီမီတာမာကျူရီကနေ ၈ မီလီမီတာမာကျူရီကြား လျော့နည်းစေပါတယ်။ များများလျော့စားရင်ပိုပြီးသိသိသာသာ သွေးတိုးကျပါတယ်။

• ဆိုဒီယမ် စားသောက်မှုကို တွက်ပါ။ အစားအသောက် ဒိုင်ယာရီလေးလုပ်ထားပြီး တနေ့မှာ ဆိုဒီယမ် ဘယ်လောက်စားသလဲဆိုတာကို ခန့်မှန်းတွက်ချက်ပါ။ ကျန်းမာတဲ့ လူငယ်တွေဟာ တစ်နေ့မှာ ဆိုဒီယမ် ၁၅၀၀ မီလီဂရမ် ကနေ ၂၄၀၀ မီလီဂရမ် အထိ လိုအပ်ပါတယ်။ အသက် ငါးဆယ်အရွယ် သွေးတိုးဝေဒနာရှင်အတွက်ကတော့ ၁၅၀၀ အောက်မှာပဲ အမြဲရှိသင့်ပါတယ်။ တကယ်လို့ အဲဒီထက်ပိုလာမယ်ဆိုရင် သွေးတိုးနဲ့ဆက်စပ်ရောဂါတွေကို ပိုပြီး အခြေအနေဆိုးသွားစေနိုင်ပါတယ်။

• အစားအစာတွေရဲ့တံဆိပ်တွေကိုဖတ်ပါ။ အစားအစာတွေဝယ်တဲ့အခါ ဆိုဒီယမ် ဘယ်လောက်ပါတယ်ဆိုတာကို မ၀ယ်ခင်မှာသေချာရွေးချယ်ပါ။ ဖြစ်နိုင်ရင် ဆိုဒီယမ် လျော့ထားတာတွေကို ရွေးချယ်ဝယ်ယူပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဖျော်ရည်လိုမျိုးမှာတောင် ဆိုဒီယမ်များနေလား သတိထားပြီးကြည့်ပါ။

• အသင့်စားအစာတွေကို လျော့စားပါ။ အာလူးကြော်၊ အေးခဲထားတဲ့ ညစာတွေ၊ အသားဗူးတွေ၊ အသင့်စားနေ့လည်စာတွေ မှာ ဆိုဒီယမ်များတတ်ပါတယ်။ အဲဒါတွေကိုလျော့စားဖို့လိုပါတယ်။

• ဆားထပ်မထည့်နဲ့။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ပါပါတယ်။ ဆားအစားတခြား ဟင်းခတ်အမွှေးအကြိုင်တွေ၊ မဆလာတွေသုံးပါ။ တကယ်လို့ ဆားများများစားတာကို အကျင့်ပါနေရင် တဖြည်းဖြည်းလျော့ချပါ။

• ပိုပြီးလတ်ဆတ်တဲ့အစာတွေကိုစားပါ။ အသီးအနှံတွေနဲ့ အသင့်စားမဟုတ်တဲ့ ပဲတွေ ကိုစားပေးပါ။ အဲဒီအစားတွေမှာ ဆိုဒီယမ်နည်းနည်းပဲပါပါတယ်။

• ရေကိုစစ်ဆေးပါ။ အိမ်မှာ သုံးစွဲနေတဲ့ ရေမှာ ဆိုဒီယမ် ဘယ်လောက်ပါလဲသိထားဖို့လိုပါတယ်။ ရေမှာပါတဲ့ ဆိုဒီယမ်ကိုလည်းထည့်သွင်းတွက်ချက်မှသာ တနေ့မှာ ဆိုဒီယမ် ဘယ်လောက် သုံးစွဲနေတယ်ဆိုတာကို ပိုပြီးတိတိကျကျသိနိုင်ပါလိမ့်မယ်။

၅။အရက်သောက်သုံးမှုကိုဆင်ခြင်ပါ

အရက်ဟာ ကျန်းမာရေးအတွက် အကောင်းရော အဆိုးပါဖြစ်စေပါတယ်။ အရက်အနည်းငယ်သောက်သုံးခြင်းဟာ နှလုံးခုန်ရပ်ခြင်း (heart attack) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သလို သွေးဖိအားကို ၂.၅ မီလီလီတာ မာကျူရီကနေ ၄ မီလီမီတာ မာကျူရီအထိ လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အရက်များများသောက်တာကတော့ သွေးတိုးရောဂါကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ အရက်မသောက်ပဲမနေနိုင်ရင်တော့ လျော့သောက်ပါ။ အလွန်အကျွံမသောက်မိအောင်သတိထားပါ။

၆။ဆေးရွက်ကြီးထွက်ကုန်တွေကိုရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းရဲ့တခြားဆိုးကျိုးတွေကို ထည့်မတွက်ရင်တောင် ဆေးရွက်မှာပါတဲ့ နီကိုတင်းဟာ ဆေးလိပ်သောက်ပြီးနောက်တစ်နာရီအထိ သွေးဖိအားကို ၁၀ မီလီမီတာ မာကျူရီ တက်စေပါတယ်။ တစ်နေကုန်သောက်နေမယ်ဆိုရင် သွေးဖိအားဟာ တစ်နေကုန်မြင့်နေပါလိမ့်မယ်။ ဒါကြောင့်ဆေးလိပ်သောက်တာကိုရှောင်ကြဉ်ဖို့လိုပါတယ်။ ဆေးလိပ်သောက်နေတဲ့သူတွေနားမှာ မနေဖြစ်အောင်လည်းသတိထားဖို့လိုပါလိမ့်မယ်။

၇။ကဖိန်းဓာတ်ကိုလျော့ချပါ။

ကဖိန်းဟာ သွေးတိုးရောဂါအတွက် အငြင်းပွားဖွယ်အနေအထားမှာပဲရှိနေပါသေးတယ်။ တစ်ချို့လူတွေမှာ ကော်ဖီသောက်လို့ ကဖိန်းဓာတ်မြင့်လာတဲ့အခါ သွေးတိုးပေမယ့် တစ်ချို့ကတော့ ပုံမှန်ပါပဲ ။ ဒါကြောင့် ကော်ဖီကို အလွန်အကျွံမသောက်ဖို့နဲ့ သိပ်ပြင်းတဲ့ကော်ဖီတွေကို ရှောင်ဖို့ပဲတိုက်တွန်းပါတယ်။ ကော်ဖီအမှုန့်တွေဟာ ပြုပြင်ထားတဲ့ကော်ဖီတွေနဲ့ယှဉ်ရင် အရသာလည်းပိုကောင်းသလို ကျန်းမာရေးနဲ့လည်းပိုညီညွတ်ပါတယ်။ သွေးတိုးဝေဒနာရှင်တွေ ကော်ဖီသောက်တဲ့အခါ ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်(ကော်ဖီနှစ်ခွက်စာ) ထက်မပိုဖို့ဂရုစိုက်ပါ။

၈။ စိတ်ဖိစီးမှုကိုလျော့ချပါ။

ကဖိန်းဓာတ်လိုပဲ စိတ်ဖိစီးမှုနဲ့ သွေးတိုးရဲ့ဆက်နွယ်မှုဟာ အတိအကျ အထောက်အထားမပြနိုင်သေးပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကဟာ သွေးဖိအားကိုခဏတော့ မြင့်စေတတ်ပါတယ်။
စိတ်ဖိစီးမှုကို မလျော့ချခင် ဘယ်လိုနေရာမှာ ကိုယ်စိတ်ဖိစီးတတ်သလဲဆိုတာကို အတိအကျလေ့လာဖို့လိုပါလိမ့်မယ်။ အလုပ်မှာ စိတ်ဖိစီးတယ်ဆိုရင် ဘယ်လိုအချိန်မှာသိသာသလဲဆိုတာကိုသေချာကိုမှတ်သားထားရပါမယ်။ စိတ်ကိုသက်သက်သာသာ အမြဲထားတတ်အောင် ကြိုးစားရပါမယ်။ စိတ်ကို ဖြတ်လတ်စေတဲ့ အပြုအမူမျိုးနဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုး(သို့) အားကစားတမျိုးမျိုးကို ပုံမှန်လုပ်သင့်ပါတယ်။ တရားနာခြင်း၊ တရားရှုမှတ်ခြင်း၊ ယောဂကျင့်စဉ်၊ ထိုက်ချိ ၊ သီချင်းနားထောင်ခြင်း ၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း အစရှိတာတွေဟာလည်း စိတ်ဖိစီးမှုအတွက် အထောက်အကူကောင်းတွေပါပဲ။
စိတ်အေးချမ်းအောင်နေပြီး သောကဖြစ်တဲ့အခါ အကြံဉာဏ်ပေးတတ်တဲ့ နားလည်စာနာတဲ့ မိတ်ဆွေမျိုးတွေနဲ့ တိုင်ပင်သင့်ပါတယ်။ တစ်ယောက်တည်းမနေဘဲ စိတ်တူကိုယ်တူ သူငယ်ချင်းမိတ်ဆွေတွေရှိမယ်ဆိုရင် စိတ်ဖိစီးမှုဟာ သက်သာဖို့ပိုမိုလွယ်ကူပါတယ်။

၉။ကျန်းမာရေးစောင့်ရှောက်မှုကို ပုံမှန်လုပ်ပါ။

သွေးတိုးရောဂါရှိသူတွေဟာ မကြာမကြာ သွေးပေါင်ချိန်ပေးဖို့လိုပါမယ်။ လစဉ် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ကိုယ်ခန္ဓာကို သတိထားပြီး အပြောင်းအလဲတွေဘာတွေဖြစ်လဲဆိုတာကို သိအောင်ကြိုးစားရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးရောဂါကုသမှုကို ဂရုတစိုက်ဆောင်ရွက်သင့်ပါတယ်။ ပေါ့ဆလို့မရပါဘူး။ ဆေးကိုလည်းညွှန်ကြားချက်အတိုင်းပုံမှန် သောက်သင့်ပါတယ်။
၁၀။ ဖေးမကူညီမှုစနစ်တစ်ခုတည်ထောင်ထားပါ။
မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဟာ ကျန်းမာရေးတိုးတက်လာရာမှာ အထောက်အကူကောင်းတွေဖြစ်ပါတယ်။ သူတို့ဟာ သင့်ကို အားပေးနိုင်တယ်။ ဆရာဝန်ဆီပို့ပေးနိုင်တယ်။ လေ့ကျင့်ခန်းအတူလိုက်လုပ်ပေးနိုင်တယ်။ သွေးပေါင်ချိန်ကျဖို့အတွက် တတ်နိုင်တဲ့နည်းတွေနဲ့ ၀ိုင်းဝန်းကူညီနိုင်တယ်။
မိသားစုဝင်တွေနဲ့ အချိန်ပေးပြီးစကားပြောပါ။ သွေးတိုးရောဂါအကြောင်းကိုလည်း လက်ဆင့်ကမ်းပြီးပြောပြပါ။ သူတို့တွေလည်းနားလည်တဲ့အခါ သူတို့အတွက်လည်းအကျိုးရှိစေသလို ကိုယ့်အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ သွေးတိုးရောဂါကို တွန်းလှန်ဖို့လိုအပ်တဲ့ နေထိုင်စားသောက်မှုပုံစံကို အတူတကွပြောင်းလဲနိုင်ပါတယ်။ သွေးတိုးရောဂါ ဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း အတူတကွ တွန်းလှန်နိုင်ပါတယ်။


လူအများစု ဟာ သွေးတိုးရောဂါကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ နေထိုင်စားသောက်မှုပုံစံကို မလုပ်ဖြစ်ကြပါဘူး။ အဲဒါကြောင့်ပဲ သွေးတိုးရောဂါဆိုတဲ့ အသံတိတ်လူသတ်သမားဟာ ၂၁ ရာစုရဲ့ ရောဂါတော်တော်များများမှာ ဆက်စပ်ပါဝင်လာတာဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာရေးတဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံလေး ၁၀ ခုလောက်ကို ဂရုတစိုက်လိုက်နာသွားရုံနဲ့ သွေးတိုးရောဂါကို အောင်မြင်စွာခုခံတွန်းလှန်နိုင်မှာဖြစ်ပါတယ်။


သင့်ကိုကျန်းမာစေချင်သော

Xanthos

၅.၁။ အပြာရောင်နှင့် ဆက်နွယ်ခြင်း

အပြာရောင် blue ကိုအလယ်ခေတ် အင်္ဂလိပ်စကား belu, blwe က ဆင်းသက်လာတယ်လို့ဆိုပါတယ်။ အင်္ဂလိပ်စကားမှာတော့ အပြာရောင်ဟာ ၀မ်းနည်းပူဆွေးမှုကို ဖော်ညွှန်းတဲ့စကားဖြစ်ပါတယ်။ He was feeling blue. (သူ စိတ်မကောင်းဖြစ်နေတယ်) စသဖြင့်သုံးလေ့ရှိပါတယ်။ ဒီလိုသုံးစွဲရတာကလည်း အပြာရောင်ဟာ မိုး၊ မုန်တိုင်းအစရှိတာတွေနဲ့ဆက်စပ်နေလို့ဖြစ်ပါတယ်။ ဂရိ ဒဏ္ဍာရီ မှာ ဇီယု(Zeus) ဟာ ၀မ်းနည်းတဲ့အခါ မိုးရွာတယ် (ငိုတယ်)၊ ဒေါသထွက်တဲ့အခါ မုန်တိုင်းဆင်တယ်လို့ အယူရှိတဲ့အတွက် ၀မ်းနည်းလို့ရွာတဲ့မိုးနဲ့ ဆက်စပ်ပြီး အပြာရောင်ကို ၀မ်းနည်းမှုကို ဖော်ညွှန်းတဲ့စကားအဖြစ်သုံးစွဲကြတာပါ။ သင်္ဘောတစ်စင်းမှာ ကပ္ပတိန် (ဒါမှမဟုတ်) သင်္ဘော အရာရှိတစ်ယောက်ယောက်သေဆုံးသွားတဲ့အခါ အပြာရောင် အလံကိုလွှင့်ထူပြီးပြန်လာလေ့ရှိတာကလည်း ပူဆွေးမှုကို ဖော်ညွှန်းတဲ့သဘောတစ်ခုပဲဖြစ်ပါတယ်။

ခေတ်သစ် အမျိုးသမီး ပရောဖတ်Alice Bailey ရဲ့ အဆိုအရ အပြာရောင်ဟာ စိတ်စွမ်းအား (will-power) နဲ့ဆက်စပ်နေတယ်လို့သိရပါတယ်။

ချက်ကရရဲ့အရောင်တွေအရတော့ အပြာရောင်ဟာ လည်ပင်းချက်ကရ (Throat Chakra) (၀ါ) ပဉ္စမ မူလချက်ကရ(fifth primary chakra) နဲ့ဆက်စပ်နေတဲ့အရောင်ဖြစ်ပါတယ်။အဲဒီချက်ကရကို သက္ကတ စကားနဲ့ Vishuddhi လို့လည်းခေါ်လေ့ရှိပါတယ်။

ကိုယ်ခန္ဓာမှာ အပြာရောင်အလင်းဖြာတဲ့ လူတွေဟာ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လေ့ရှိကြတယ်လို့ဆိုပါတယ်။

၅.၂။ အပြာရောင်နှင့် ကျောက်မျက်ကုထုံး



(Gem Stone Therapy) ကျောက်မျက်ကုထုံးမှာ အပြာရောင် နီလာ (Blue Sapphire) ကို အထူးတလည် အသုံးပြုပါတယ် ။ နီလာရဲ့ အပြာရောင် အပြင် နီလာရဲ့ဖွဲ့စည်းပုံကပါ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့် ဦးခေါင်းပိုင်းမှာ ဖြစ်တတ်တဲ့ ဓာတ်မညီမျှမှုကို ထိန်းညှိပေးပါတယ်။ မိမိစိတ် နဲ့ မိမိ ခံစားချက်တွေ နဲ့ကိုယ်ခန္ဓာကို ပိုမိုထိန်းချုပ်နိုင်ဖို့ကူညီပေးနိုင်တယ်လို့ဆိုပါတယ်။ စိတ်နဲ့ အတွေးတွေရဲ့ အစီအစဉ်တကျဖြစ်လာမှုကို ပံ့ပိုးပေးနိုင်တဲ့ သတ္တိထူးလည်းရှိပါတယ်။


၅.၃။ အပြာရောင်နှင့်အရောင်ကုထုံး

အပြာရောင်လွှမ်းမိုးတဲ့ လည်ပင်းချက်ကရ(throat chakra) နဲ့ဆက်စပ်နေတဲ့ ရောဂါတွေကတော့ ကလေးရောဂါတွေ၊ အသက်ရှူအင်္ဂါအစိတ်အပိုင်းနဲ့ ပက်သက်တဲ့ရောဂါတွေဖြစ်ပါတယ်။ အပြာရောင်ဟာ ကိုယ်ခန္ဓာကို အေးမြစေတဲ့ သတ္တိရှိပါတယ်။ စိတ်သက်သာစေပါတယ်။ အပြာရောင်မှာ ပိုးသတ်တဲ့ ဂုဏ်သတ္တိမျိုးရှိပါတယ်။ အသက်ရှုစနစ်ကို သန်စွမ်းစေပြီး ညီညွတ်မျှတစေပါတယ်။ လည်ပင်းနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက် အသုံးဝင်ပါတယ်။ အပြာရောင်ဟာ ကုသမှုအမြောက်အများ မှာလဲ ကလေးတွေအတွက် အနွေးဓာတ်ပေးတဲ့ အရောင်ဖြစ်ပါတယ်။ အနုပညာပိုင်းဆိုင်းရာ ထိုးထွင်းသိမြင်မှုကိုလည်း အကူအညီပေးပါတယ်။ အပြာလဲ့တဲ့အခန်းတွေဟာ တရားထိုင်ဖို့နဲ့ တကိုယ်တည်း နေချင်တဲ့စိတ်ကို အင်အားကောင်းစေတဲ့ အစွမ်းရှိပါတယ်။ အလွန်အမင်း စိတ်လှုပ်ရှားမှုကိုလည်း ထိန်းညှိပေးပါတယ်။ ခွန်အားကိုဖြစ်စေပြီး ကြီးထွားမှုကိုအထောက်အကူပြုတဲ့ သဘောရှိပါတယ်။

၅.၄။ အပြာရောင်သုံးစွဲသင့်သောနေရာ

ဖုန်းရွှေပညာအရ အပြာရောင်ဟာ ရေဓာတ်နဲ့ ပတ်သက်နေတဲ့ အရောင်ဖြစ်ပါတယ်။ နေအိမ် အဆောက် အအုံရဲ့ အရှေ့အရပ်နဲ့ အရှေ့တောင် အရပ်တွေမှာ သုံးစွဲသင့်တယ်လို့ဆိုပါတယ်။ ရေစွမ်းအင် ဟာ အဲဒီနေရာတွေမှာရှိတဲ့ သစ်သားဓာတ်ရဲ့စွမ်းအင်ကို အားဖြည့်ပေးပါတယ်။

အပြာရောင်ဖျော့ဖျော့ကို နံရံတွေမှာ ဆေးသုတ်တဲ့အခါ ရွေးချယ်ဖို့ကောင်းပါတယ်။ စာဖတ်ခန်းရဲ့ မျက်နှာကျက်မှာလည်း အပြာရောင်ဖျော့ဖျော့ သုံးစွဲဖို့ အကြံပြုကြပါတယ်။ အိပ်ခန်းမှာလည်း အပြာရောင်ရင့်ကို သုံးစွဲနိုင်ပါသေးတယ်။ ဧည့်ခန်းလိုနေရာမျိုးမှာတော့ အပြာနည်းနည်းပဲပါတဲ့ အရောင်လေးတွေသုံးတာက ပိုကောင်းတယ်လို့ဆိုပါတယ်။

ဖုန်းရွှေဆရာတွေကတော့ အဖြူနဲ့အပြာနဲ့ကို တွဲဖက်ပြီး အနှိုင်းအဆမဲ့တဲ့ ကောင်းကင်ရဲ့ စွမ်းအင်မျိုးရဖို့နဲ့ ပျော်ရွှင်မှုကို တိုးပွားစေဖို့ အသုံးချလေ့ရှိပါတယ်။

၆။ မဲနယ်ရောင်

၆.၁။ မဲနယ်ရောင်နှင့် ဆက်နွယ်ခြင်း



မဲနယ်ရောင် ကို ရောင်စဉ်တွေထဲမှာ သတ်မှတ်ခဲ့တဲ့သူဟာ ဆာအိုင်းဇက် နျူတန်
(Sir Isaac Newton) ဖြစ်ပါတယ်။ နျူတန်ဟာ အရောင်တွေကို အနောက်တိုင်း ဂီတသင်္ကေတ ရဲ့ နုတ်စ်ခုနှစ်ခု အပေါ်မှာမူတည်ပြီး အမည်ပေးခဲ့တာဖြစ်ပါတယ်။ သူဟာ အရောင်နဲ့ဂီတကို နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေတယ်လို့ ယုံကြည်တဲ့ သိပ္ပွံပညာရှင်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရောင်တွေရဲ့ သိမ်မွေ့တဲ့ အလင်းအမှောင်တွေကို လူတွေရဲ့မျက်စိက မခွဲခြားနိုင်တဲ့အတွက် မဲနယ်ရောင်နဲ့ အပြာရောင်ရဲ့ကွဲပြားမှုကို တစ်ချို့ပညာရှင်တွေက ခွဲခြားမပြောဘဲ မဲနယ်ရောင်ကို အပြာရောင်ရဲ့မူကွဲတစ်ခုအနေနဲ့ပြောကြတာမျိုးလည်းရှိပါတယ်။ တခြားအရောင်တွေလိုပဲ မဲနယ်ရောင်( indigo ) ကို မဲနယ်ပင် (indigo) ဆိုတဲ့ စကားလုံးကနေယူလိုက်တာဖြစ်ပါတယ်။ မဲနယ်ပင်တွေကို ဆေးဆိုးတဲ့နေရာမှာသုံးခဲ့လေ့ရှိကြပါတယ်။

ခေတ်သစ် အမျိုးသမီး ပရောဖတ်Alice Bailey ရဲ့ အဆိုအရ မဲနယ်ရောင်ဟာ ပညာ၊အချစ် တို့နဲ့ပတ်သက်တဲ့အရောင်လို့ဆိုပါတယ်။

ချက်ကရရဲ့အရောင်တွေအရတော့ မဲနယ်ရောင်ဟာ ဆဌမ မူလချက်ကရ(sixth primary chakra) နဲ့ဆက်စပ်နေတဲ့အရောင်ဖြစ်ပါတယ်။အဲဒီချက်ကရကို သက္ကတ စကားနဲ့ Ajna လို့လည်းခေါ်လေ့ရှိပါတယ်။ မျက်ခုံးတွေနားမှာရှိတဲ့ချက်ကရဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ မဲနယ်ရောင် အလင်းလွှမ်းမိုးသူများဟာ ဘာသာရေးကိုစိတ်ဝင်စားလေ့ရှိပြီး စိတ်ပိုင်းဆိုင်ရာကို နက်နက်ရှိုင်းရှိုင်းခွဲခြမ်းစိတ်ဖြာလေ့ရှိတယ်လို့ဆိုပါတယ်။

၆.၂။ မဲနယ်ရောင်နှင့် ကျောက်မျက်ကုထုံး



(Gem Stone Therapy) ကျောက်မျက်ကုထုံးမှာမဲနယ်ရောင်ကျောက်တွေကို စိတ်ငြိမ်စေတဲ့ အစွမ်းရှိတဲ့ ကျောက်မျက်အဖြစ်သုံးပါတယ်။ ထိုးထွင်းသိမြင်စေတဲ့ ကျောက်လို့လည်းပြောကြပါတယ်။ သွေးထွက်တာကို တားဆီးဖို့သုံးနိုင်တယ်လို့ဆိုပါတယ်။ သွေးမသန့်တာကိုလည်း ကုသပေးနိုင်တယ်လို့ပြောပါတယ်။ မဲနယ်ရောင်ကျောက်တွေဟာ သတ္တိကို လှုံ့ဆော်ပေးတဲ့သဘောရှိပါတယ်။ လွန်ကဲစွာသုံးစွဲရင်တော့ ခေါင်းကိုက်တာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။


၆.၃။ မဲနယ်ရောင်နှင့်အရောင်ကုထုံး


မဲနယ်ရာင်လွှမ်းမိုးတဲ့ ဆဌမချက်ကရ(sixth chakra) နဲ့ဆက်စပ်နေတဲ့ ရောဂါတွေကတော့ မျက်လုံး၊ နား၊ ဦးနှောက် အလယ်ပိုင်း၊ အလိုအလျောက် အာရုံကြောစနစ် အစရှိတာတွေနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပါတယ်။ မဲနယ်ရောင်ဟာ အသိဉာဏ်ကို လှုံ့ဆော်ပေးပါတယ်။ ဦးနှောက်မှာဖြစ်လေ့ရှိတဲ့ မညီညွတ်မှုတွေ၊ အရေပြားရောဂါတွေကိုလည်း သက်သာစေပါတယ်။ ဆုံးဖြတ်ချက်ကို မှန်ကန်ရှင်းလင်းစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ အကောင်းမြင်စေတဲ့ ဂုဏ်သတ္တိမျိုးလည်းရှိပါတယ်။ ဂလင်းန်း(glands) နဲ့ဟော်မုန်း(hormones) တွေကို သန့်စင်စေတဲ့အစွမ်းလည်းရှိပါတယ်။



၆.၄။ မဲနယ်ရောင်သုံးစွဲသင့်သောနေရာ

ဖုန်းရွှေပညာအရတော့ မဲနယ်ရောင်ကို အပြာရောင်ဖျော့ အုပ်စုထဲမှာထည့်ထားပါတယ်။ ကလေးတွေအတွက် အဓိကသုံးစွဲလေ့ရှိပါတယ်။ ကလေးတွေဟာ အပြာရောင်လွှမ်းမှိုးတဲ့အခန်းတွေမှာ ပိုပြီးသက်သက်သာသာ အေးအေးဆေးဆေး နေလေ့ရှိတယ်လို့ဆိုပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေရဲ့အခန်းတွေမှာ သုံးဖို့အကြံပြုပါတယ်။ မဲနယ်ရောင်ဟာ သိမ့်မွေ့တဲ့ ကြီးပွားတိုးတက်မှုကို လိုက်လျောညီထွေဖြစ်ထွန်းစေတဲ့ သဘောရှိတယ်လို့ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

မိုးZအိမ်



Vitamins တွေအကြောင်းဘယ်လောက်သိလဲ

ဗီတာမင် ဆိုရင် အလိုလိုအားဆေးလုံးတွေကိုပြေးမြင်မိကြမှာပဲ။Vitamin A ကနေ ဇက် အထိပါတယ်ဆိုတာကိုး။အဲဒီလူတွေတွက် နိစ္စဓူဝလိုအပ်တဲ့ ဗီတာမင်တွေအကြောင်း ကိုယ် ဘယ်လောက်သိထားလဲဆိုတာလေး သိချင်ရင် အောက်ကမေးခွန်းလေးတွေဖြေကြည့် လိုက်ပါ။အဖြေလည်းပါမှာမို့လို့ အဖြေမှန်လည်းတစ်ခါတည်းသိသွားပြီး ဗီတာမင်နဲ့ ပတ် သက်လို့တော်တော်လေးသိသွားနိုင်ပါလိမ့်မယ်။

၁. ဘယ်ထဲမှာ Vitamin C ဓါတ်အမြင့်ဆုံးပါဝင်သလဲ။
က.လိမ္မော်သီး
ခ.သံပုရာသီး
ဂ.ဂရိတ်ဖရုသီး
ဃ.ငရုတ်သီးအနီ

၂.ဘယ် ဗီတာမင်ဓါတ်က ရာသီမလာမီဖြစ်ပေါ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေလဲ။
က.Vitamin E
ခ.Vitamin D
ဂ.Vitamin C
ဃ.Vitamin K

၃.ဘယ်အရာက Vitamin A အတွက် ကောင်းမွန်တဲ့အရင်းမြစ် မဟုတ်ဘူးလဲ။
က.cod liver oil
ခ.ဟင်းနုနွယ်
ဂ.ထောပတ်
ဃ.အသည်း

၎.ဘယ်ဗီတာမင် ဓါတ်က ခန္ဓာကိုယ်ထဲက အဆီတစ်ရှုးတွေထဲမှာသိုမှီးမထားနိုင်ဘူးလဲ။
က.Vitamin E
ခ.Vitamin A
ဂ.Vitamin D
ဃ.Vitamin Bပေါင်းစု

၅.Vitamin C နဲ့ပတ်သက်ပြီးဘယ်လောက်သိထားလဲ။အောက်ဖော်ပြပါတွေမှာ ဘယ်ဟာ ကအချက်အလက်သက်သက်ဖြစ်ပြီး ဘယ်ဟာက ကောင်းကျိုးဖြစ်လဲ။
က.ဆေးလိပ်သောက်တဲ့သူတွေဟာ သူတို့ရဲ့ဇီဝကမ္မဆိုင်ရာဖြစ်စဉ်အတွက် သာမန်လူ တွေထက် Vitamin C ကို နှစ်ဆလိုအပ်တယ်။
ခ.VitaminC ဟာ သာမန်အအေးမိရောဂါလောက်တော့ကာကွယ်တားဆီးပေးနိုင်တယ်။
ဂ.ခန္ဓာကိုယ်ထဲမှာ Vitamin Cတွေသိပ်များနေတာဟာ အခြားသောစစ်ဆေးမှုတွေအတွက် အနှောက် အယှက်ဖြစ်စေပါတယ်

၆.ဘယ်အချက်က မှန်ကန်ပါသလဲ။လေ့လာတွေ့ရှိချက်တွေအရ Vitamin B ဟာ…
က.အမြင်အာရုံကို တိုးတက်ကောင်းမွန်စေတယ်။
ခ.အအေးဒါဏ်ကိုခံနိုင်ရည်ရှိစေတယ်။
ဂ.ကိုလက်စထရောအဆင့်ကို လျော့ကျစေတယ်။

၇.မှန်သလား မှားသလာဖြေပေးပါဦး။
Vitamin B1 ဖြည့်စွက်ဆေးကို ဆိုဒါလိုအက်စစ်အပျော့စားပါတဲ့အရည်တစ်ခုသောက် သုံးနေချိန်မှာ မသောက်သုံးရပါဘူး။

၈.ဘယ်ဗီတာမင်ဓါတ်က ပုံမှန်လိုအပ်တဲ့သွေးခဲစနစ်ကိုကောင်းမွန်စေပြီး အနာကျက်လို့ အနာရွတ်ကိုအမြန်ပျောက်စေနိုင်သလဲ။
က.Vitamin E
ခ.Vitamin D
ဂ.Vitamin C
ဃ.Vitamin B

၉.ဘယ်အချက်တွေကမှားနေလဲ။
က.ခွဲစိပ်ခန်းဝင်မယ့်လူနာတွေကို သွေးထွက်မလွန်အောင်လို့ Vitamin K ကိုပေးပါတယ်
ခ.Vitamin K ဖြည့်စွက်ဆေးတွေကို သကြားနဲ့ရော မသောက်ရပါဘူး။
ဂ.Vitamin K ဓါတ်က အရိုးပွရောဂါကိုမဖြစ်အောင်ကာကွယ်ပေးတယ်။
ဃ.တချို့သော တွေ့ရှိချက်တွေအရ Vitamin K ဟာ ကင်ဆာရောဂါကိုတိုက်ဖျက်ရာ မှာတော်တော်လေးအထောက်အကူပြုတယ်တဲ့။

၁၀.မှားသလား မှန်သလား။
Vitamin E ကိုသွေးကျဲစေတဲ့ဓါတ်တစ်ခုအဖြစ်အသုံးပြုတယ်။

၁၁.Vitamin B ဟာ အရမ်းကိုအရေးကြီးတဲ့ဓါတ်တစ်ခုဖြစ်ပြီး အုပ်စုသေးလေးတွေလည်း ကွဲနေပါတယ်။အုပ်စုကွဲလေးတွေကလည်း သူ့ဟာနဲ့သူ နေ့စဉ်အာဟာရတွေမှာလိုအပ်တာ ပါပဲ။အဲဒီအုပ်စုကွဲလေးတွေကိုသီးခြားနာမည်ပေးထားတာရှိပါတယ်။ညီအောင်တွဲပေးပါဦး။
က.Vitamin B3
ခ.Vitamin B6
ဂ.Vitamin B1
ဃ.Vitamin B2
1. Folic Acid 2.Thiamin 3. Riboflavin 4.Nicotinic acid

၁၂.ဘယ်ဗီတာမင်က စိတ်ဖိစီးမှုကိုလျော့ကျစေသလဲ။
က.Vitamin E
ခ.Vitamin D
ဂ.Vitamin C
ဃ.Vitamin B5

၁၃.အောက်ပါတို့အနက်က ဘယ်အရာက Vitamin B(၁)အတွက်ကောင်းမွန်တဲ့အရင်းအ မြစ်အဟုတ်သလဲ။
က.ဝက်သား
ခ.မြေပဲ
ဂ.ပဲအမျိုးမျိုး
ဃ.ကီဝီသီး

၁၄.မှန်သလား မှားသလား။
Vitamin B2 ကိုဘယ်တော့မှ တိုက်ရိုက်ထိုးသွင်းတာမျိုးမလုပ်ပါဘူး။ဒါပေမယ့် သူ့ကို ခန္ဓာကိုယ်ထဲမှာအစားအစာတွေမှာပါတဲ့အနံ့အရသာတစ်မျိုးကနေတဆင်ဖြစ်ပေါ်တာတွေ့ရတတ်ပါတယ်။

အဖြေများ
၁.ဃ
၂.က
၃.ခ
၎.ဃ
၅.က.အချက်အလက်
ခ.အကျိုး
ဂ.အချက်အလက်
၆.ဂ
၇.မှန်
၈.က
၉.ခ
၁၀.မှန်
၁၁.က-၄ ခ-၁ ဂ-၂ ဃ-၃
၁၂.ဃ
၁၃.ဃ
၁၄.မှန်

အဖြေတစ်ခုမှန်ရင် တစ်မှတ်ပေးပါ။
၁၅ မှတ်ကနေ ၁၉ မှတ်…ကျန်းမာရေးအသိပညာကြွယ်ဝပါတယ်။
၁၁မှတ်ကနေ ၁၅မှတ်..ကျန်းမာရေးအသိသင့်ပါတယ်။ဒါပေမယ့် သိထားရမှာတွေနည်း နေသေးတယ်။
ဝ မှတ်ကနေ ၁၀မှတ်..ကျန်းမာရေးအသိနည်းလွန်းပါတယ်။ဒီအချက်တွေကိုလိုအပ်ချက် တစ်ခုအဖြစ် ကျက်မှတ်ထားလိုက်ပါ။

ရွှေပစ္စုန်

ဆီးချိုရောဂါ နှင့် သိမှတ်ဖွယ်ရာများ

ဆီးချိုရောဂါ ဟာ ကမ္ဘာမှာ ဖြေရှင်းရခက်နေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံရှိသူတွေဟာ ဆီးချိုရောဂါကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ တားဆီးနိုင်တာကို တွေ့ရပါတယ်။ ကိုယ်စိုက်ပျိုးတာပဲ ရိတ်သိမ်းရတယ်ဆိုတဲ့စကားပုံဟာ ဆီးချို ရောဂါရှင်တော်တော်များများအတွက် ရေးထားတဲ့ စကားပုံလို့တောင် ပြောလို့ရပါတယ်။
Tell me what you eat, I will tell you what you are လို့ Jean Anthelme Brillat-Savarin ဆိုသူကပြောခဲ့ပါတယ်။
စားတဲ့ အစားအစာကို သူ့ကိုပြောပြရင် အဲဒီလူ ဘယ်လိုလူလဲဆိုတာ သူပြောနိုင်ပါသတဲ့။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေပုံထိုင်ပုံ စားသောက်ပုံကြောင့် ရေရှည်မှာ ရောဂါစွဲကပ်လာပြီး ဘ၀ဟာ ပျော်စရာမကောင်းတော့ပါဘူး။ အထူးသဖြင့် ဆီးချိုရောဂါလို မဖြစ်သင့်တဲ့ရောဂါ မဖြစ်အောင်ဘယ်လိုနေထိုင်ပြီး ဘယ်လိုစားသောက်ကြမလဲ ဆိုတာက စဉ်းစားစရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။

ဆီးချို

ဆီးချိုရောဂါ ဆိုတာ ကိုယ်ခန္ဓာက အင်ဆူလင် လုံလုံလောက်လောက် ထုတ်မပေးတဲ့အခါမှာ ဖြစ်တဲ့ရောဂါလို့ အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။ အင်ဆူလင်ဆိုတာ ကျောက်ကပ်မှာရှိတဲ့ ပန်ကရိယကနေထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အင်ဆူလင်ဟာ သကြားဓာတ်နဲ့ တခြား အစာတွေကို စွမ်းအင်အဖြစ်ပြောင်းပေးဖို့ လိုအပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ဆီးချိုဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ထုတ်မပေးနိုင်တော့ဘူး၊ နဂိုရှိနေတဲ့ အင်ဆူလင်ကိုလည်း သုံးလို့မရဖြစ်စေပါတယ်။ အဲဒီလိုဖြစ်တဲ့ အခါမှာ သကြားတွေဟာ သွေးထဲမှာ စုပြီး မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ဖြစ်စေပါတော့တယ်။
အမေရိကားမှာရှိတဲ့ ဆီးချိုလေ့လာတဲ့ အဖွဲ့ အစည်းက ၂၀၀၉ ခုနစ်မှာ ထုတ်ပြန်ကြေငြာတဲ့ ကြေငြာချက်အရ တိုင်းပြည်လူဦးရေရဲ့ ၇.၈ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၂၃.၆ သန်းမှာ ဆီးချိုရောဂါ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီဝေဒနာရှင်တွေထဲမှာ ၅.၇ သန်းလောက်က သူတို့ကိုယ်သူတို့ ရောဂါရှိမှန်းမသိကြဘူးလို့ဆိုပါတယ်။
ဆီးချိုရောဂါ ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေ(Pre-diabetes) ရောက်နေသူတွေဟာ ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ဆိုပါတယ်။ ဒီအခြေအနေဟာ ဆီးချိုရောဂါဖြစ်ဖို့ အစပျိုးချိန်ဖြစ်တဲ့ အတွက် တကယ်လို့ လစ်လျူရှုမိမယ်ဆိုရင် ဆီးချို ရောဂါ မျိုးကွဲ ၂ ဖြစ်သွားဖို့ရှိပါတယ်။ တကယ်လို့ ဂရုစိုက်ပြီး စားသောက်ပုံပြောင်းလဲခြင်း နဲ့ လေ့ကျင့်ခန်းကို တွဲဖက်လုပ်မယ်ဆိုရင်တော့ အဲဒီလို ဆီးချိုဖြစ်သွားမယ့်ဘေးကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ သွေးထဲမှာ သကြားပါဝင်မှုဟာ ပုံမှန်နှုန်းကိုတောင်မှ ပြန်ရောက်သွားနိုင်ပါတယ်။
ဆေးကုသမှုဟာ ဆီးချိုရောဂါ ဖြစ်လာမှာကို နှေးအောင်ပဲ ဆောင်ရွက်နိုင်ပြီး အစားအသောက် နဲ့ လေ့ကျင့်ခန်းကသာ ပိုပြီး ကာကွယ်တာဆီးနိုင်တယ်လို့ဆိုပါတယ် မိနစ်သုံးဆယ်လောက် ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီး ကိုယ်ခန္ဓာ အလေးချိန်ကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိလောက်လျှော့ချနိုင်မယ်ဆိုရင် ဆီးချိုဖြစ်နှုန်းမှာ ၅၈ ရာခိုင်နှုန်းနည်းသွားနိုင်တယ်လို့ အထောက်အထားတွေ့ရှိရပါတယ်။ ဒီလိုလေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့သင့်တော်တာတွေ စားသောက်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေရှိနေရာကနေ ပုံမှန်ပြန်ဖြစ်သွားဖို့ကြိုးစားတာအောင်မြင်လာနေတာကို တွေ့ရတယ်လို့ အမေရိကန်ဆိုင်ရာ ဆီးချို အသင်းက ထုတ်ပြန်ပါတယ်။

ကျန်းမာရေးနှင့်ကိုက်ညီသော အစားအသောက်များ

• ဟင်းရွက်နဲ့ သစ်သီးများများစားပါ။ သက်တံရောင်မှာပါတဲ့ အရောင်တွေလို အရောင်စုံအောင် အသီးအနှံ အမျိုးမျိုးစားသောက်ပါ။ ကစီဓာတ်မပါတဲ့ မုန်လာဥနီ၊ ဂေါ်ဖီပန်းပွင့်၊ ဟင်းနုနွယ်၊ နဲ့ အစိမ်းရောင်ရှိတဲ့ ပဲအမျိုးမျိုးစားပါ။
• ဆန်လုံးညိုလို အရောင်မချွတ်ထားတဲ့ သဘာဝကျတဲ့အစေ့အဆန်တွေကိုစားပါ။ အနံ့တွေဖြည့်ထား၊ အလွန်အကျွံ အရောင်ချွတ်ထားတာတွေမစားပါနဲ့။
• တစ်ပတ်မှာ ငါးနှစ်ကြိမ်စားပေးပါ။
• ကုလားပဲ၊ ပဲနီလေး စတဲ့ပဲတွေ (dried beans) စားပါ။
• အမဲသား ၀က်သားမှာ ပေါင်သားလို အဆီသိပ်မများတဲ့နေရာက အသားကိုစားပါ။ ကြက်နဲ့ ကြက်ဆင်တွေဆိုရင် အရေခွံမစားပါနဲ့။
• နို့ထွက်ပစည်းတွေမှာဆို အဆီမပါတာတွေရွေးပါ အဆီမပါနဲ့ နွားနို့၊ အဆီမပါတဲ့ ဒိန်ချဉ်၊ အဆီမပါတဲ့ ဒိန်ခဲ။
• ရေဆာပြေသောက်တဲ့အခါ ရေကိုပဲသောက်နိုင်ဖို့ကြိုးစားပါ။ အချိုရည်ဗူးတွေကိုမသောက်ပါနဲ့။ အချိုရည်သောက်ချင်ရင်တောင် ကယ်လိုရီမပါတဲ့ diet drinks တွေပဲသောက်ပါ။
• ဆီမှာဆိုရင် ပဲဆီ နှမ်းဆီလောက်ပဲသုံးပါ။ ပြောင်းလဲဆီ (trans fat) ပါတာတွေမသုံးပါနဲ့။
• အချိုပွဲတွေဆို ကယ်လိုရီများတဲ့ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေ၊ အဆီအပြည့်ပါတဲ့ ရေခဲမုန့်တွေကို ဖြတ်ပါ။
• ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုလည်း အလွန်အကျွံစားရင် ၀လာပါလိမ့်မယ်။ စားမယ့်ပမာဏကိုပါ ထိန်းသိမ်းပါ။
• အစာကို တစ်နေ့မှာ ၅ ကြိမ်၊ ၆ ကြိမ်စားပါ။ တစ်ခါတည်း အများကြီးမစားပါနဲ့
• မနက်စာကို ၀၀လင်လင်စားပေးပါ။ မနက်စာမစားရင် ပိုဝလာနိုင်ပါတယ်။
ဆီးချိုရောဂါအတွက် လေ့ကျင့်ခန်း
သာမန်လူကောင်းတစ်ယောက် လေ့ကျင့်ခန်းအနေနဲ့ ကြိုက်ရာလုပ်လို့ရပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာစသဖြင့် မိမိနဲ့ သင့်တော်ရာလုပ်နိုင်ပါတယ်။ ဆီးချိုရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။ တခြားရောဂါရှိနေသူများလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှ မိမိနဲ့သင့်တော်တာကိုလုပ်ပါ။
• ဆီးချိုရှိသူများ နဲ့သွေးထဲမှာ သကြားဓာတ်များနေသူများဟာ လေ့ကျင့်ခန်း လုပ်ခါနီးနဲ့ လုပ်နေစဉ်မှာ သတိထားဖို့လိုပါတယ်။ ခန္ဓာကိုယ်က သိပ်မောပန်းလာပြီး မူးဝေရင် နားဖို့လိုပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်လို့မရပါဘူး။
• တစ်ချို့လေ့ကျင့်ခန်းတွေကိုလည်း တဖြည်းဖြည်းချင်းပဲတိုးပြီးလုပ်သွားဖို့ကြိုးစားရ ပါမယ်။
• လေ့ကျင့်ခန်းလုပ်နေတဲ့အခါ ဖိနပ်နဲ့ခြေအိတ်တွေကို မိမိနဲ့အဆင်ပြေတာ ရွေးချယ်ဖို့လိုပါမယ်။
• အရည်များများသောက်ပေးရပါမယ်။
• လေ့ကျင့်ခန်း (သို့) အားကစား တစ်ခုခုမလုပ်ခင် သွေးပူလေ့ကျင့်ခန်း (warm up) လုပ်ပြီး ပြီးဆုံးချိန်မှာ သွေးအေးလေ့ကျင့်ခန်း (cool down) လုပ်ပေးရပါမယ်။ သွေးအေးလေ့ကျင့်ခန်းဆိုတာက ချွေးထွက်အောင်မလုပ်တော့ပဲ တင်းနေတဲ့ အကြောတွေကို ဖြေလျှော့ပေးတာကို ဆိုလိုပါတယ်။
• သကြားဓာတ်ရုတ်တရတ်လျော့နည်းကျဆင်းတာကို ကာကွယ်ဖို့ သရေစာတစ်ခုခုကိုလည်း ဆောင်ထားရပါမယ်။
ကာကွယ်လို့ရနိုင်တဲ့ ဆီးချိုရောဂါကို တတ်နိုင်သလောက် ကာကွယ်ခြင်းဟာ လူသားတိုင်းဂရုပြုသင့်တဲ့ တာဝန်တစ်ခုလည်းဖြစ်ပါတယ်။

"A journey of a thousand miles begins with a single step."
(Confucius)

ပညာရှင် ကွန်ဖြူးရှပ်ပြောခဲ့သလိုပါပဲ။ မိုင်ထောင်ချီခရီးတွေကို ပထမဆုံးခြေတစ်လှမ်းနဲ့ပဲစကြရတာပါပဲ။ ဒီဆီးချိုရောဂါ ကင်းဝေးခြင်းခရီးကလည်း ဒီနေ့စပြီး လျှောက်လိုက်မှ ရောက်နိုင်တဲ့ခရီးတစ်ခုပဲဖြစ်ပါတယ်။ ရောက်နိုင်တဲ့ခရီးအတွက် ခြေလှမ်းတစ်လှမ်းစကြပါစို့ ....။ ။


သင့်ကိုကျန်းမာစေချင်သော

Xanthos



အရောင်များနှင့်လက်ဖြာခြင်း


အ၀ါရောင်

၃.၁။ အ၀ါရောင်နှင့် ဆက်နွယ်ခြင်း



အ၀ါရောင်ဟာ ၀မ်းမြောက်ခြင်း နဲ့ နွေးထွေးခြင်းရဲ့ အရောင်ပါပဲ။

အ၀ါရောင် (yellow) ဆိုတဲ့ စကားလုံးဟာ ရှေးသုံး အင်္ဂလိပ် စကားမှာ geolu (သို့မဟုတ်) geolwe လို့ သုံးစွဲခဲ့ပါတယ်။ မှတ်တမ်းတွေအရ ပထမဆုံး yellow ဆိုတဲ့ စကားလုံးကို တွေ့ရှိခဲ့တာက အင်္ဂလိပ် ရှေးကဗျာတစ်ပုဒ်ဖြစ်တဲ့ Beowulf ကဗျာမှာ သစ်သားဒိုင်းတစ်ခုကို ဖော်ပြတဲ့ အရောင်အသုံးအနှုန်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အ၀ါရောင်ဟာ တတိယမြောက် ချက်ကရ (၀ါ) Manipura ချက်ကရ နဲ့သက်ဆိုင်တဲ့ အရောင်ဖြစ်ပါတယ်။ Manipura ကို ရတနာမြို့တော် (city of jewels) လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်။ ချက်ဝန်းကျင်မှာတည်ရှိတဲ့ချက်ကရဖြစ်ပြီး Solar Plexus Chakra လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။

အ၀ါရောင်ဟာ မျက်လုံးတွေကို ထိခိုက်စေတတ်တဲ့ အရောင်လည်းဖြစ်တယ်။ အ၀ါရောင် နောက်ခံ ပါတဲ့ ပုံတွေနဲ့ ကွန်ပြူတာ နောက်ခံပုံတွေဟာမျက်လုံးအတွက်မသင့်တော်ပါဘူး။ အ၀ါရောင်ဟာ စိတ်ကိုရှုပ်ထွေးပြီး ဒေါသထွက်စေတတ်တယ်။ ကလေးငယ်တွေဟာ အ၀ါရောင်အခန်းတွေမှာ ပိုပြီးငိုလေ့ရှိတယ်။ အ၀ါရောင်ဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေတယ်။ အ၀ါရောင်ဟာ မြင်ဖို့ အလွယ်ဆုံး အရောင်ဖြစ်လို့ ဆွဲဆောင်တဲ့နေရာမှာသုံးတယ်။ ကြော်ငြာတွေနဲ့ သတိပေးဆိုင်းဘုတ်အ၀ါရောင်လေးတွေမှာ မြင်နိုင်ပါတယ်။ အနီရောင်မပြောင်းခင် အ၀ါရောင်နဲ့ လှမ်းပြီး သတိပေးလိုက်တဲ့ မီးပွိုင့်လေးတွေမှာလည်း အဲဒီ အ၀ါရောင်ရဲ့ သဘောတရားတစ်ချို့ကို တွေ့နိုင်ပါတယ်။

အ၀ါရောင်ကို သူရဲဘောနည်းတဲ့ အသားဝါရောဂါ နဲ့ သူရဲဘောနည်းတဲ့သူ တွေကို ကိုယ်စားပြုပြီးသုံးတာမျိုးလည်းတွေ့ရပါတယ်။ အမေရိကန် ဗန်းစကားမှာတော့
ငကြောက်ဆိုတဲ့ အနက်အဓိပ္ပါယ်ကို yellowbellied" , "yellow" စသဖြင့် သုံးစွဲကြပါတယ်။ အ၀ါရောင်ဟာ အိုမင်းဆွေးမြေ့မှုသဘောကိုဖော်ကျူးတဲ့ စကားလည်းဖြစ်ပါတယ်။ ၀ါသော စာမျက်နှာဆိုရင် အိုမင်း ၀ါဖျော့နေပြီ လို့ဆိုလိုပါတယ်။

အရှေ့တိုင်းသားတွေကိုလည်း လူဝါတွေလို့ သုံးစွဲကြတာလည်းတွေ့ရပါတယ်။ အီတလီ မှာတော့ အ၀ါရောင်ကို giallo လို့သုံးစွဲပါတယ်။ မှုခင်းတွေ၊ ရာဇ၀တ်မှုတွေနဲ့ပါတ်သက်တဲ့ ဇာတ်လမ်းတွေကို အ၀ါတွေလို့ပြောလေ့ရှိပါတယ်။တရုတ်ပြည်မှာတော့ အ၀ါရောင်ရုပ်ရှင်ဆိုရင် အင်္ဂလိပ်တွေသုံးစွဲတဲ့ (blue movie) အပြာကားတွေနဲ့ သဘောတရား ဆင်တဲ့ဇာတ်လမ်းတွေလို့ ဆိုလိုပါတယ်။ အီဂျစ်မှာတော့ ပူဆွေးမှုအတွက် အ၀ါရောင်ကို အသုံးပြုကြပါတယ်။ အငြင်းပွားဖွယ်ရာတွေကို အသားပေးဖော်ပြတဲ့ ဂျာနယ်လစ်ဇင် ကိုကြတော့ အ၀ါရောင် ဂျာနယ်လစ်ဇင် လို့ခေါ်ကြပါတယ်။

အ၀ါရောင်ဖဲကြိုးတွေဟာ မိသားစုမှာ စစ်ထွက်သွားတဲ့ခင်ပွန်းသည်နဲ့ သားတွေကို မျှော်တဲ့ အမျိုးသမီးတွေ သူတို့ရဲ့ သားသမီးတွေ နဲ့ခင့်ပွန်းသည်ကို စောင့်စားမျှော်လင့်တဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ချစ်ခင်သူတွေကို ကြိုဆိုတဲ့အထိမ်းအမှတ် အဖြစ် အ၀ါရောင်ဖဲကြိုးလေးတွေကို အသုံးပြုလာကြပါတယ်။

၃.၂။ အ၀ါရောင်နှင့် ကျောက်မျက်ကုထုံး



(Gem Stone Therapy) အ၀ါရောင်ကျောက်တွေကို ငွေကြေးပြဿနာတွေ ကျော်လွှားဖို့အဓိက ၀တ်ဆင်ကြပါတယ်။ ပယင်းကျောက်နဲ့ တခြားအ၀ါရောင် ကျောက်မျက်တွေဟာ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တန်ဖိုးထားမှုနဲ့ လေးစားမှု တွေကို တိုးတက်စေပါတယ်။ အ၀ါရောင်ကျောက်မျက်တွေဟာ ၀တ်ဆင်သူကို တပါးသူတွေအပေါ်မှာ ယုံကြည်မှုကို ဖြစ်ပေါ်စေပြီး အနာဂတ်ကို အကောင်းမြင်စေနိုင်ပါတယ်။ စိတ်ဖိစီးပူပန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း အပါအ၀င် ကြောက်ရွံ့မှုကြောင့် ဖြစ်တတ်တဲ့ တခြားသော စိတ်ပိုင်းဆိုင်ရာ မညီမျှမှုတွေကို ပျောက်ကင်းစေပါတယ်။

၃.၃။ အ၀ါရောင်နှင့် အရောင်ကုထုံး

အ၀ါရောင်စွမ်းအင်ဟာ ဉာဏ်ပညာ၊ ရည်မှန်းချက်၊ သိပ္ပံပညာ၊ မိမိကိုယ်ကို ယုံကြည်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ အ၀ါရောင်စွမ်းအင်ဟာ အာရုံကြော နဲ့ အရေပြား ရောဂါ ၊ အစာမကြေမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာပျောက်ကင်းအောင် ကူညီပေးပါတယ်။ အ၀ါရောင်စွမ်းအင်ဟာ ဦးနှောက်၊ အသည်း ၊ သရက်ရွက်၊ ကျောက်ကပ် နဲ့ မှတ်ဉာဏ် အတွက် အကျိုးပြုပြီး ဗီတာမင် အေ ကိုပေးတယ်လို့ဆိုပါတယ်။
ရွှေဝါရောင်ကို ကိုယ်ခန္ဓာ အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ သုံးနိုင်ပါတယ်။ ရွှေဝါရောင်ဟာ သင်ယူမှုစွမ်းရည်ကို ထက်မြက်စေတယ်လို့ ဆိုပါတယ်။
အ၀ါရောင်စွမ်းအင်ဟာ ကြွက်သားထိန်းချုပ်မှုတွေကိုလွှမ်းမှိုးပါတယ်။ သွေးကို သန့်စင်စေပြီး သွေးဖြူဥတုတ်လုပ်မှုကို အားပေးပါတယ်။
အ၀ါရောင်ဟာစိတ်အားထက်သန်ခြင်းနဲ့ အကောင်းမြင်တတ်ခြင်းကို အားပေးတဲ့အတွက် စိတ်ဖိစီးမှုကိုသက်သာစေဖို့ သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် အ၀ါရောင်ဟာ အစာအိမ်အပါအ၀င် အညစ်အကြေးစွန့် အင်္ဂါ အဖွဲ့အစည်ကိုလည်း အထောက်အကူပြုပါသေးတယ်။

၃.၄။ အ၀ါရောင်သုံးစွဲသင့်သောနေရာ

အ၀ါရောင်ကို စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေမှာ သုံးစွဲသင့်ပါတယ်။ ခံတွင်းမြိန်စေတဲ့ အနီနဲ့ ဆွဲဆောင် ညှို့ငင်နိုင်တဲ့ အ၀ါကို တွဲဖက်သုံးဆွဲထားတဲ့ Mac ဘာဂါဆိုင် ဆိုင်းဘုတ်တွေကို ကြည့်ရင် အရောင်ရဲ့ အစွမ်းကို စနစ်တကျသုံးစွဲထားတာတွေ့နိုင်ပါတယ်။ အ၀ါရောင်ရဲ့ ဆွဲဆောင်မှုကို အထူးသဖြင့် အ၀တ်အထည်တွေမှာ အသုံးပြုကြပါတယ်။ အသားအရည် တောက်ပတဲ့သူများ အတွက် အ၀ါရောင်ဟာ ပိုမို ၀င်းလဲ့စေပါတယ်။
ဖုန်းရွှေဆရာတွေကတော့ အ၀ါရောင်ဟာ ဖုန်းရွှေပညာမှာ နေရဲ့အလင်းရောင်လို့အဓိ ဓိပ္ပါယ်ရပါတယ်။ အ၀ါရောင်ဟာ အခန်းကိုလင်းစေပြီး နွေးထွေးလှိုက်လှဲမှုကိုဖြစ်စေပါတယ်။ ကလေးတွေအခန်းတွေနဲ့ မိသားစု အခန်းတွေမှာ အ၀ါရောင်ကို သုံးစွဲသင့်တယ်လို့ ဖုန်းရွှေဆရာတွေကဆိုပါတယ်။ အ၀ါရောင်ဟာ ဖုန်းရွှေရဲ့မီးဓာတ်ကို အနီရောင်ထက်နဲ့ယှဉ်ရင်ပိုပြီး နူးညံ့တဲ့နည်းနဲ့ ရရှိအောင်လုပ်နိုင်တယ်လို့ ဆိုပါတယ်။


၎။အစိမ်းရောင်

၎.၁။ အစိမ်းရောင်နှင့် ဆက်နွယ်ခြင်း


အစိမ်းရာင်ဟာစိတ်ကိုသက်တောင့်သက်သာဖြစ်စေတဲ့အရောင်။ ချက်ကရမှာဆိုရင်လည်း နှလုံးချက်ကရ heart chakra(Anahata) နဲ့ ဆက်စပ်နေတဲ့အရောင် ဖြစ်ပါတယ်...။
အစိမ်းရောင်ဟာ ကမ္ဘာမြေမှာတည်ရှိနေတဲ့ သစ်ပင်ပန်းမန်အများစုရဲ့ အရောင် ။ ကလိုရိုဖီးတွေကြောင့် စိမ်းမြနေတဲ့ သစ်ပင်ပန်းမန်တွေကြားမှာ လျှောက်သွားရရုံတဲ့ ငြိမ်းချမ်းခြင်းတွေ စိမ့်ဝင်လာတတ်တာ ကလည်း အစိမ်းရောင်ရဲ့ လျှို့ဝှက်နက်ရှိုင်းမှုတစ်ခုပါပဲ။ ရှေးအင်္ဂလိပ်စကားလုံး growan ဆိုတာနဲ့ဆက်စပ်နေပါတယ်။ အဓိပ္ပာယ်က ရှင်သန်ကြီးထွားစေသည်( “to grow”) ဖြစ်ပါတယ်။
အင်္ဂလိပ်စာမှာတော့ အစိမ်းရောင်ကို ဖျားနာတာ နဲ့ မနာလို ၀န်တိုတာတွေမှာ သုံးစွဲလေ့ရှိပါတယ်။ ဥပမာ မနာလိုဖြစ်ရင် green with envy ၊ နေမကောင်းဖြစ်တဲ့အခါ “green around the gills” ဆိုပြီးသုံးနှုန်းကြပါတယ်။ အမေရိကန် slang အရတော့ green ဆိုတာ ငွေကြေး(cash) ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေကို green parties တွေလို့ခေါ်ဝေါ်ကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ကြတာကိုတော့ green movements လို့ခေါ်ကြပါတယ်။ ဂေဟ စနစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှေးရှုဆောင်ရွက်တဲ့ နိုင်ငံရေးအယူအဆကို တော့ Green politics လို့သုံးနှုန်းပါတယ်။ ၁၉၈၀ လောက်ကစတင်ပြီး Green politics တွေ စတင်လာပါတယ်။
စာပေတွေမှာ သဘာဝတရားကို ဖော်ညွှန်းဖို့ အစိမ်းရောင် ကို အသုံးပြုလေ့ရှိကြပါတယ်။ မရင့်ကျက်သေးတဲ့ သဘောကိုလည်း အစိမ်းရောင်နဲ့တင်စားကြပါတယ်။ ရှေးအီဂျစ် နတ် အိုဆီးရစ် Osiris ဟာ အစိမ်းရောင် အသားအရည်ရှိပြီး သူက သေခြင်းနဲ့ နောက်ဘ၀ကို အဆုံးအဖြတ်ပေးတဲ့ နတ်လို့ အယူရှိကြပါတယ်။ အဲဒါကြောင့်ပဲ အစိမ်းရောင်ကို အီဂျစ် အယုအဆတစ်ခုမှာ ပြန်လည်ရှင်ပြန်ခြင်းသဘောသက်ရောက်တယ်လို့ အယူရှိကြပါတယ်။
ဘာသာရေးအရတော့ ရိုမန်ကတ်သလစ် ခရစ်ယာန်ဘုန်းကြီးတွေဟာ ၀ါတွင်းကလာလမှာ အစိမ်းရောင် သင်္ကန်းကို ၀တ်ဆင်ကြပါတယ်။အစိမ်းရောင်ဟာ အစ္စလာမ် ဘာသာတရားရဲ့သာသနာမှာသုံးတဲ့အရောင် ဖြစ်ပါတယ်။ အစ္စလာမ်နိုင်ငံတွေရဲ့အလံတွေမှာ အစိမ်းရောင်ကို အများဆုံးသုံးကြပါတယ်။
လူကိုယ်ခန္ဓာမှာ ဖြာထွက်နေတဲ့အလင်းကို အာရုံခံပြီးလုပ်ကြတဲ့ သုတေသနအရ အစိမ်းရောင် အလင်းရောင်ဖြာတဲ့သူတွေဟာ ဆေးကုသခြင်းနဲ့ ပတ်သက်တာကို လုပ်ကိုင်ကြတဲ့သူတွေ၊ သဘာဝတရားကို ချစ်တတ်သူတွေဖြစ်တတ်တယ်လို့ တွေ့ရှိရပါတယ်။

၎.၂။ အစိမ်းရောင်နှင့် ကျောက်မျက်ကုထုံး

မြကျောက်ကို အစိမ်းရောင် အရောင်ကုထုံးအတွက်အသုံးပြုပါတယ်။ မြကျောက်ဟာ အသက်ဓာတ်၊ အဟာရနဲ့ ရုပ်ပိုင်းဆိုင်ရာ ကုသခြင်း စွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ မြကျောက် ဟာ ခန္ဓာကိုယ်ကို အစိမ်းရောင် အလင်းဖြန့်ကျက်ပြီး အသက်ဓာတ်စွမ်းအင်ကို ဖြည့်ပေးတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်စေတဲ့ သဟဇာတမဖြစ်ခြင်းတွေကို ပျက်ပြယ်စေတဲ့ အစွမ်းရှိပါတယ်။ မြကျောက်ကို တစ်ဆင်စာ ၀တ်ဆင်မယ်ဆိုရင် စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို သက်သာလျော့ပါးစေပါတယ်။ မြကျောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ခွန်အားပြည့်စွမ်းစေပြီး ပိုပြီးသတိသမာဓိကောင်းတဲ့ စိတ်အခြေအနေကို ဖြစ်ထွန်းစေပါတယ်။

၎.၃။ အစိမ်းရောင်နှင့် အရောင်ကုထုံး

အစိမ်းရာင်ဟာခင်မင်ရင်းနှီးမှု၊ မျှော်လင့်ချက်၊ ယုံကြည်မှုနဲ့ ငြိမ်းချမ်းမှုတွေကိုပေးစွမ်းနိုင်တဲ့အတွက် စိတ်ချမ်းသာမှုကို အထောက်အကူပြုအောင် သုံးစွဲကြပါတယ်။ အစိမ်းရောင်ဟာ နုပျိုမှုကို အားပေးတဲ့ စွမ်းအင်တွေရှိတဲ့အတွက် အစိမ်းရောင်ကို အာရုံစူးစိုက်ပေးခြင်းအားဖြင့် နုပျိုခြင်းကို အထောက်အကူပြုတယ်လို့ဆိုပါတယ်။ ဦးနှောက်ရဲ့ ပီကျူထရီ ဂလင်းကို လှုံ့ဆော်ပေးတဲ့ သတ္တိလည်းရှိပါတယ် (ပီကျူထရီ ဂလင်းဟာ ဟော်မုန်းတွေကို စစ်ထုတ်ပေးတဲ့ ဂလင်းဖြစ်ပါတယ်။)။ အစိမ်းရောင်ဟာစိတ်ငြိမ်သက်စေတဲ့ အစွမ်းလည်းရှိပါတယ်။
အစိမ်းရောင်ဟာ နှလုံးချက်ကရကို အကျိုးသက်ရောက်စေပြီး အလိုအလျောက် အာရုံကြောစနစ် ( autonomic nervous system) ကို ညီမျှစေပါတယ်။ နှလုံးရောဂါကုသမှု၊ သွေးတိုးရောဂါကုသမှု၊ အစာအိမ်ရောဂါကုသမှု၊ စိတ်ပူပန်းခြင်းရောဂါကုသမှု၊ ခေါင်းကိုက်ရောဂါ ကုသမှုတွေမှာ အစိမ်းရောင်ကို သုံးစွဲကြပါတယ်။
အစိမ်းရောင်ဟာ ညီညွတ်မျှတစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် စိတ်တည်ငြိမ်မှုရစေဖို့ အထူးသဖြင့်သုံးစွဲပါတယ်။ အက်စစ်ဓာတ်လွန်ကဲမှု နဲ့ ကိုယ်ပူတာတွေအတွက်လည်းသုံးစွဲနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ညီညွတ်မျှတစေပြီး ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေပါတယ်။
အစိမ်းရောင်ရဲ့ ရှင်သန်ကြီးထွားစေတဲ့ အစွမ်းကြောင့် အစိမ်းရောင်ကို ကင်ဆာနဲ့ အကြိတ်နဲ့ပတ်သက်တာတွေမှာမသုံးစွဲဖို့ သတိပေးထားတာကိုလည်း တွေ့ရပါတယ်။


၎.၄။ အစိမ်းရောင်သုံးစွဲသင့်သောနေရာ

အစိမ်းရောင်ဟာ ဖုန်းရွှေပညာအရ အသစ်ဖြစ်ခြင်း နဲ့ လန်းဆန်းလတ်ဆတ်ခြင်းတွေကို ဆောင်ယူလာမယ်လို့ အဓိပ္ပါယ်ရပါတယ်။ အစိမ်းရောင်ဟာသစ်သားဓာတ်နဲ့ဆက်နွယ်နေတဲ့အရောင်လို့လည်းဆိုပါတယ်။ ကျန်းမာရေးကို အထူးပြုတဲ့သဘောရှိပါတယ်။ သဘာဝတရားမှာ တည်ရှိနေတဲ့ ကုသခြင်း အစွမ်းတွေကို အစိမ်းရောင်က သင့်ဆီကို စီးဆင်းလာစေမယ်လို့ ဖုန်းရွှေဆရာတွေက ဆိုပါတယ်။ အထူးသဖြင့် နေအိမ် (သို့) ဆိုင်ခန်းရဲ့ အရှေ့၊ တောင်ဘက်နဲ့ အရှေ့တောင်အရပ်တွေမှာ အစိမ်းရောင်ကိုသုံးစွဲဖို့ အကြံပြုပါတယ်။ အစိမ်းရောင်ကို သုံးစွဲရာမှာ နေအိမ် ခြံဝင်းရဲ့ အတွင်းမှာ ၀ါးပင်လို အစိမ်းရောင်ကို စိုက်ပျိုးတာကိုလည်း စနစ်တကျသုံးစွဲရင် အစီအရင် တစ်ခုလိုဖြစ်ပြီး စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုကို အထောက် အကူဖြစ်စေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အစိမ်းရောင်ကို အခန်းတွေမှာ သုံးစွဲတဲ့အခါ ဆေးသုတ်တာထက် ခန်းဆီးလိုက်ကာ နဲ့ သစ်ပင်တွေကို သုံးဖို့ ပိုမိုသင့်တော်တယ်လို့ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

မိုးZအိမ်


ဆာလောင်မှုမရှိပဲအစားလျှော့တဲ့နည်း

ကိုယ်အလေးချိန်လျှော့ချတော့မယ်ဆိုရင်..လူတွေပထမဆုံးကြုံတွေ့ရတာက..
ဆာလောင်မွတ်သိပ်မှုပါပဲ။အစားလျှော့စားမယ်၊ညစာမစားဘူး၊မနက်စာမစားဘူး၊စသဖြင့်ကြိုးစားကြ
ပေမယ့်..ဆာလောင်မှုကြောင့်မအောင်မြင်ကြတာများပါတယ်။အားလုံးတော့မဟုတ်ကြပါဘူး၊
အောင်မြင်သူတွေလည်းရှိမှာပါ။အောင်မြင်သူက ၂၀%လောက်ပဲရှိပြီး ၈၀%လောက်
ကတော့မအောင်မြင်ပါဘူး။အမှန်ကအစားကိုလျှော့စားတာထက်စားတဲ့အစားအစာတွေမှာ
ပါဝင်တဲ့ကယ်လိုရီတွေကိုလျှော့ချတာကပိုပြီးအဆင်ပြေပါလိမ့်မယ်။
အဆာခံတာဟာအောင်မြင်လည်းမကောင်းမအောင်မြင်လည်းမကောင်းပါဘူး။
အဆီပါဝင်မှုနည်းတဲ့အစားအစာတွေကိုရွေးချယ်စားတာကပိုကောင်းမယ်လို့အကြံပေးချင်ပါတယ်။
ရေနဲ့အမျှင်များတဲ့အစားအစာတွေကိုရွေးချယ်တာပိုကောင်းပါတယ်။

အောက်ပါအချက် ၆ ချက်ကိုလိုက်နာဖို့ကြိုးစားကြည့်ကြရအောင်။

  • ဟင်းသီးဟင်းရွက်
ဒါကတော့သိပ်ပြောပြစရာလိုမယ်မထင်ပါဘူး။အစားလျှော့မယ်ဆိုတဲ့သူတွေနဲ့ကိုယ်အလေး
ချိန်လျှော့ချမယ်ဆိုတသူတွေအတွက်လမ်းညွှန်ချက်ထဲမှာဟင်းသီးဟင်းရွက်ကမပါမဖြစ်ပါ
ပါတယ်။ဘာလို့လဲဆိုတော့သူကကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင်..အမျှင်ဓါတ်လည်းအများ
အပြားပါဝင်တဲ့အတွက်..အကောင်းဆုံးလမ်းညွှန်မှုဖြစ်ပါတယ်။အဲဒီအထဲမှာ……………..
အစိမ်းရောင်အရွက်တွေ၊ဆလပ်ရွက်လိုအစိမ်းစားရတဲ့ဟာတွေ၊ခရမ်းချဉ်သီး၊ပဲသီးစိမ်းနဲ့
ဖရုံနွယ်တဲ့အသီးတွေ၊ကြက်သွန်နီစတာတွေလည်းပါဝင်ပါတယ်။
များသောအားဖြင့်ကျောက်ဖယုံရွှေဖယုံစတာတွေရဲ့အရသာကို လူတွေမနှစ်သက်တတ်ကြ
ပါဘူး။အဲဒါဆိုရင်လည်းအရသာပြောင်းသွားအောင်၊စွတ်ပြုတ်လုပ်လိုက်တာမျိုး၊အသားတစ်
မျိုးမျိုးနဲ့ရောပြီးချက်နည်းတစ်မျိုးနဲ့ပြင်ဆင်ချက်ပြုတ်လိုက်တာမျိုးတွေလုပ်နိုင်ပါတယ်။
ပါစတာဆော့စ်လိုဟာမျိုးနဲ့လည်းတွဲစားနိုင်ပါတယ်။သေချာတာကတော့ဒီအသီးအရွက်တွေက
ကယ်လိုရီနည်းပါးတယ်ဆိုတာပါပဲ။

  • အစာခြောက်တွေ
အစာခြောက်တွေ၊တာရှည်ခံအစားအစာခြောက်တွေကိုအတတ်နိုင်ဆုံးကန့်သတ်ပစ်လိုက်
ပါ။မစားပါနဲ့လို့တော့ပြောလို့မရပါဘူး၊မစားပဲနေနိုင်ရင်အကောင်းဆုံးပေမယ့်ဒီခေတ်ကြီးမှာ
ကျတော့လူတွေကအချိန်ကိုလုနေကြရတဲ့တွက်ရံဖန်ရံခါတော့စားမိနိုင်ကြပါတယ်။အာလူး
ကြော်တွေ၊ဆီကြော်ကြွပ်ကြွပ်ရွရွတွေကိုတော့တတ်နိုင်သလောက်ရှောင်တာကောင်းပါ
တယ်။နည်းနည်းလေးပါဆိုတဲ့ပမာဏမှာကိုကယ်လိုရီတွေအများကြီးပါဝင်နေတာမို့ပါ။

  • ရေ
တစ်နေ့တာခန္ဓာကိုယ်ထဲဝင်သွားတဲ့အရည်ပမာဏရဲ့တစ်ဝက်ဟာရေစစ်စစ်ပဲဖြစ်ပါစေ။တ
ခြားသောက်ချင်တာရှိတယ်ဆိုရင်တော့..ဆိုဒါ၊စပါကလင်တွေကိုသောက်ကြည့်ပါ၊
ဒါမှမဟုတ်လည်း..diet soft drink တွေကိုသောက်နိုင်သလို၊လက်ဘက်ရည်ကြမ်းကိုလည်း
သောက်နိုင်ပါတယ်။နောက်သိပ်လတ်ဆတ်တဲ့အသီးရည်နဲ့ဟင်းသီးဟင်းရွက်တွေမှာလည်း
ရေဓါတ်တွေအများးအပြားပါဝင်တယ်ဆိုတာသတိပြုမှတ်သားထားပါ။

  • အစာမစားမီ
တချို့ကအစာမစားမီရေတစ်ခွက်သောက်တတ်တယ်။တချို့ကအသီးဖျော်ရည်၊ဒါမှမဟုတ်
အချိုရည်သောက်တတ်တယ်။အဲဒီနေရာမှာဟင်းသီးဟင်းရွက်စွတ်ပြုတ်လေးနဲ့အရွက်သုတ်
လေးကိုတွဲဖက်စားကြည့်ပါ။အဲဒါကပိုပြီးကျန်းမာရေးအတွက်ကောင်းသလို၊ကယ်လိုရီတွေ
လည်းအများကြီးလျှော့ချပြီးသားဖြစ်သွားပါတယ်။ဟင်းရွက်စွတ်ပြုတ်သောက်ထားတဲ့အ
တွက်နောက်ပိုင်းလည်းများများမစားနိုင်တော့ပါဘူး။

  • အသားဓါတ်ကိုတိုးပေးပါ
အသားဓါတ်ကိုအသားတွေတင်ကနေရတာမဟုတ်ပါဘူး။ငါးနဲ့ပဲတွေကလည်းရနိုင်ပါတယ်။
အသားဓါတ်ကလူကိုအာသာပြေမှုပေးပြီး၊ဆာလောင်မှုကိုလည်းလွယ်လွယ်မဖြစ်စေနိုင်ပါ
ဘူး။အသားမှာအသားချည်းပဲပါဝင်ဖို့သတိပြုရမှာဖြစ်သလိုအခြားအစာကိုလည်းလျှော့ချ
ကန့်သတ်လို့ရပါတယ်။

  • အနှံတွေရဲ့ကောင်းမှု
အနှံကတော့..ပေါင်မုန့်နဲ့၊ကွေကာတွေမှာတွေ့နိုင်တဲ့အစားအစာပါ၊အနှံတွေကိုများများစား
တာကလည်းအဆာခံစေသလို၊ကယ်လိုရီလည်းနည်းပါးပါတယ်။ပေါင်မုန့်အဖြူထက်အညို
ကိုရွေးစားနိုင်ရင်ပိုကောင်းပါတယ်။တတ်နိုင်ရင်တော့whole grain bread ကိုရှာစားပါ။

မေမိုးစက်


နိုင်ငံတကာဆေးလောကမှ နောက်ဆုံးသတင်းများ


အမျိုးသားများနှင့် နှလုံးရောဂါ
(၂၀၀၉ သြဂတ်စ်)
အခုလတ်တလော သုတေသနတွေ့ရှိမှုထုတ်ပြန်ချက်အရ၊ (Angina)အန်ဂျီနာ (ခရွန်နရီသွေးလွှတ်ကြော (coronary arteries) ကျဉ်းလို့ ရင်ဘတ်အောင့်ခြင်း) ရှိတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နှစ်ဆပိုပြီး နှလုံးခုန်ရုတ်တရတ် ရပ်ဆိုင်းခြင်း(heart attack) ဖြစ်နိုင်ပါတယ်လို့သိရပါတယ်။
လေ့လာမှုဟာ အန်ဂျီနာ ရှိတဲ့လူနာ 1700 ကို အိုင်ယာလန်နိုင်ငံက တက္ကသိုလ်တစ်ခု (National University of Ireland Galway (NUIG) )နဲ့ စကော့တလန် တက္ကသိုလ်တစ်ခု(University of Aberdeen) ပူပေါင်းလေ့လာပြီး ဗြိတိသျှဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဆရာဝန်ကြီး ဘရိုင်ယန် ဘာ့(က)လေ ဦးဆောင်တဲ့အဖွဲ့ဟာ ဆရာဝန် ၄၀ ရဲ့ပျမ်းမျှသက်တမ်း ၆၂ နှစ်ရှိတဲ့ လူနာတွေကို ၅ နှစ်ကြာလေ့လာပြီးတွေ့ရှိခဲ့တဲ့တွေ့ရှိချက်ဖြစ်ပါတယ်။
တွေ့ရှိချက်အရ အန်ဂျီနာရှိတဲ့အမျိုးသားတွေဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးမှုမှာ အန်ဂျီနာရှိတဲ့ အမျိုးသမီးတွေထက်သုံးဆပိုများနေတတယ်လို့ဆိုပါတယ်။ အသက်အရွယ်ကြီးပြီး အ၀လွန်ရောဂါရှိသူ၊ ဆေးလိပ်သောက်သုံးသူတွေဟာ နှလုံးရောဂါနဲ့ ပိုပြီး သေဆုံးနိုင်ဖွယ်ရှိတယ်လို့တွေ့ရှိရပါတယ်။
သုတေသနအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ခရွန်နရီသွေးကြောခွဲစိတ်ကုသမှု၊ သို့မဟုတ် (angioplasty) အန်ဂျီယိုပလပ်စ်တီ(ခရွန်နရီသွေးကြောထဲမှာ ဘောလုံးငယ်ကို ဖောင်းအောင်လုပ်ပြီးသွးကြာပိတ်ဆို့မှုကိုရှင်းလင်းပေးတာ) ပိုလုပ်ရလေ့ရှိပါတယ်။
ဒေါက်တာ ဘာ့(က)လေက တော့ ဒီလို အန်ဂျီနာ အစောပိုင်း အခြေအနေရှိနေသူတွေကို ကိုယ်အလေးချိန်လျော့ချဖို့၊ ဆေးလိပ်ဖြတ်ပြီး ထိရောက်တဲ့ကုသမှုခံယူဖို့ အလေးအနက်ပြောကြားပါတယ်။ အန်ဂျီနာကို ကြောက်လန့်ဖို့မလိုပါဘူး။ သေချာဂရုစိုက်ဖို့ပဲလိုတာပါ လို့ ဒေါက်တာ ဘာ့(က)လေကထပ်လောင်းပြောကြားပါတယ်။

နာတာရှည် စိတ်ဖိစီးမှုသည် ၀မ်းဗိုက်၌အဆီစုပုံမှုကို အားပေး
(၂၀၀၉ သြဂတ်စ်)
သင်စားလိုက်သမျှအစာတွေဟာ ၀မ်းဗိုက်ကြွက်သားတွေဆီပဲရောက်သွားတယ်လို့သင်ခံစားနေရပါသလား။ တကယ်လို့သင်ဟာ နာတာရှည် စိတ်ဖိစီးမှုခံစားနေရသူဆိုရင် အဲဒါဟာ သင်ထင်တာထက်တောင်ပိုမှန်နေပါလိမ့်မယ်။ လေ့လာတွေ့ရှိချက်တွေအရ နာတာရှည်စိတ်ဖိစီးမှုခံစားနေရသူဟာ ၀မ်းဗိုက်မှာ အဆီစုဆောင်းမိဖို့ပိုမိုလွယ်ကူပြီး နှလုံးရောဂါဖြစ်ဖို့အလားအလာပိုများတယ်လို့သိရှိရပါတယ်။
ကျွန်တော်တို့ဟာ အ၀လွန်ခြင်းကူးစက်ရောဂါကြီးအလယ်ခေါင်မှာရောက်နေသလိုပါပဲလို့ သုတေသန အသင်းရဲ့ခေါင်းဆောင်ဖြစ်သူ ကာရိုးလ် အေ ရှီဗလီကပြောပါတယ်။ သူမဟာ ရောဂါဗေဒ ပါမောက္ခတစ်ယောက်ပါတယ်။ “အ၀လွန်နေတဲ့သူတွေ အများစုရဲ့ အဆီတွေဟာ ၀မ်းဗိုက်တွေမှာစုပုံနေတာပါပဲ။ အဲဒီနေရာမှာစုပုံနေတဲ့အဆီတွေက တခြားနေရာမှာစုပုံနေတဲ့အဆီတွေလိုမဟုတ်ပါဘူး။ ၀မ်းဗိုက်မှာအဆီများလွန်းရင် တခြားမှာအဆီများတာထက်ပိုပြီး အန္တရယ်ပိုရှိပါတယ်”လို့ ကာရိုးလ် ကပြောသွားပါတယ်။

ကာရိုးလ်တို့အဖွဲ့ဟာ အ၀လွန်စာတွေကျွေးထားတဲ့ အ၀လွန်မျောက်မတွေနဲ့ စမ်းသပ်ကြပါတယ်။ လူတွေမှာတွေ့ရတာနဲ့တူညီတဲ့ရလဒ်မျိုးပဲတွေ့ရှိရတယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်း (cortisol) ဟာ ၀မ်းဗိုက်မှာ အဆီတွေစုမိဖို့လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ သွေးကြောတွေမှာပိတ်ဆို့တဲပအလွှာတွေဖြစ်ထွန်းလာတာကိုလည်း သူတို့ကတွေ့ရှိခဲ့ကြပါတယ်။
ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ နှလုံးရောဂါအတွက်သဘာဝကကာကွယ်ပေးထားမှုရှိပါတယ်။ ဒါပေမယ့် လူမှုဝန်းကျင်ရဲ့သောကဖိစီးစေမှုကြောင့် မမျိုးအိမ်ဟာ နှလုံးရောဂါကို အကာအကွယ်ပေးနိုင်တဲ့ ဟော်မုန်း အထုတ်နည်းလာပြီး နှလုံးရောဂါကို ခုခံနိုင်စွမ်းလည်းကျဆင်းစေတယ်လို့ ကာရိုးလ် တို့အဖွဲ့ကဆိုပါတယ်။

သူတို့အဖွဲ့ရဲ့တိုက်တွန်းချက်ကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး စိတ်ဖိစီးမှုကို စနစ်တကျဖြေရှင်းဖို့ အစီအစဉ်လုပ်ဖို့နဲ့ ကိုယ်အလေးချိန်ပုံမှန်ထိန်းထားဖို့ပါပဲ။ လေ့ကျင့်ခန်းတွေနဲ့ တရားရှုမှတ်ခြင်း၊ယောဂကျင့်စဉ် အစရှိတာတွေဟာစိတ်ဖိစီးမှုအတွက် အသုံးတဲ့တဲ့နည်းလမ်းတွေလို့ဆိုပါတယ်။


သင့်ကိုကျန်းမာစေချင်သော

Xanthos

အရောင်များနှင့် လက်ဖြာခြင်း

အဖြူရောင်အလင်း ထဲမှာ ပုန်းကွယ်ဝှက်လျှိုးနေတဲ့ သက်တံရောင်အလင်းတန်းတွေ …
သက်တံရောင် အလင်းတန်းမှာ အသွင်ပြောင်းထားတဲ့ စွမ်းအင်လေးတွေ ..
စွမ်းအင်လေးတွေထဲမှာ သိမ်းဆည်းထားတဲ့ လျှို့ဝှက်ချက်တွေ …
ကမ္ဘာဟာ အလင်းမရခင်က မှောင်တယ်ဆိုတာထက်ပိုခဲ့ပါတယ် ………..။
(Zephyr)



ကမ္ဘာပေါ်မှာ ဖြစ်တည်ခဲ့သမျှ အရာဝတ္ထုတွေဟာ အသံ။ အလင်းနဲ့ အရောင်တွေရဲ့မတူညီနဲ့ ကြိမ်နှုန်းပေါ်မှာမူတည်ပြီး လှုပ်ရှားနေတဲ့ လျှပ်စစ်သံလိုက်စွမ်းအင် ကြောင့် ဖြစ်လာတာပါ။
ယောဂီတစ်ယောက်ရဲ့ ၀တ်စုံလေးကိုပဲစိတ်မှာမြင်ကြည့်လိုက်ပါ ... ကိလေသာ လျော့ပါးစေတဲ့ အရောင်ဆိုတာ သိနိုင်မြင်နိုင်ပါတယ်...။ အိန္ဒိယ လူမျိုးတွေ ဥပုသ်သီတင်းဆောက်တည်တဲ့အခါ မြေ၀ါရောင်ဖျော့ဖျော့ ၀တ်ဆင်ကြတာလည်း အရောင် ရဲ့ အစွမ်းကို သီလစင်ကြယ်ရေးမှာသုံးတဲ့သဘောပါပါတယ်..။ စားသောက်ဆိုင်တွေမှာ ခံတွင်းမြိန်စေတဲ့ အနီရောင်တွေသုံးစွဲကြတာလည်း အထင်အရှားရှိပါတယ် ...။ ဖက်ရှင် ဒီဇိုင်နာတွေကလည်း အရောင်ကို ဆွဲဆောင်မှုတစ်ခုအနေတဲ့ နည်းစနစ်တွေတီထွင်ပြီး သုံးစွဲလာကြလည်း လက်တွေ့မြင်သာတဲ့ ဥပမာလေးတွေပါပဲ...။
သဘာဝထဲမှာ သီးနေပွင့်နေကြသမျှ အသီးအပွင့်တွေမှာလည်း အရောင်နဲ့မကင်းပါဘူး ... အစိမ်းရောင်ရှိသော သစ်သီးများ ..အနီရောင်ရှိသော သစ်သီးများ အ၀ါရောင်ရှိသော သစ်သီးများ ... တကယ်တော့ ကျွန်တော်တို့ဟာ အရောင်တွေကို စားသုံးသူတွေ လည်းဖြစ်ပါတယ် ..။ သဘာဝကျတဲ့ မပြုပြင်ထားတဲ့ အရောင်တွေကို စနစ်တကျစားသုံးခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုပါတယ် ... အရောင်ချွတ်ထားတဲ့ သကြား ၊ အရောင်ချွတ်ထားတဲ့ ဆန်၊ အရောင်ဆိုးထားတဲ့ စားကုန်သောက်ကုန်တွေ စတဲ့ သဘာဝမကျ တဲ့ အရောင်တွေဟာ ကင်ဆာရောဂါအပါအ၀င် ရောဂါတော်တော်များများရဲ့ရေသောက်မြစ်တစ်ခုဖြစ်ပါတယ်...။

အပေါ်က ပုံလေးက ချာကရာ (၀ါ) ချက်ကရ (၀ါ) စကြာ့ (၀ါ) စက် ခြောက်ချက် ပုံပါ ။
အနီရောင် အကြောင်းက စပြီးပြောကြရအောင်။
၁။အနီရောင်



၁.၁။ အနီရောင်နှင့် ဆက်နွယ်ခြင်း
အနီရောင်ဟာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးရဲ့အရောင်။ ချက်ကရမှာဆိုရင်လည်း အဓိက ချက်ကရ root chakra နဲ့ ဆက်စပ်နေတဲ့အရောင် ဖြစ်ပါတယ်...။ အနီရောင်ဟာ နေမင်းရဲ့အရောင်လည်းဖြစ်ပါတယ်။ သူ့မှာ စွမ်းအင်သိပ်ပြင်းတဲ့ သဘောသဘာဝရှိပါတယ်။ နိုင်ငံတော်တော်များများရဲ့ အလံတွေမှာ သတ္တိရဲ့သဘောသက်ရောက်တဲ့ အနီရောင်ပါလေ့ရှိပါတယ်။ အနီရောင်အ၀တ်အစားတွေဟာညှို့အားပြင်းတဲ့ မိန်းမချောလေးတွေအတွက် တွဲဖက်သုံးကုန်စည်တစ်ခုဖြစ်ပေမယ့် အနီရောင်ကား တွေဟာ စစ်တမ်းအရ ယာဉ်မတော်တဆမှုတွေရဲ့ နံပါတ် ၁ နေရာမှာရှိနေတာကလည်းထူးခြားချက်တစ်ခုပါပဲ။
သတိပေးချက်တွေအတွက်လည်းအနီရောင်ကိုသုံးပါတယ်။ မီးပွိုင့်တွေ ရဲ့အနီရောင်နဲ့ ဘောလုံးသမားတွေကို ထုတ်ပယ်လိုက်တဲ့ အနီရောင်ကဒ်ပြား တွေမှာ အဲဒီသဘာဝကထင်ရှားပါတယ်။ တရုတ်ပြည်က ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ အမျိုးသမီးတွေဟာ အထက်အောက် အနီရောင်ဝတ်စုံကို ၀တ်လေ့ရှိပါတယ်။

၁.၂။ အနီရောင်နှင့် ကျောက်မျက်ကုထုံး
(Gem Stone Therapy) ကျောက်မျက်ကုထုံးမှာ ပတ္တမြားရဲ့ အနီကို အသုံးပြုထားတာတွေ့ရပါတယ်။ ပတ္တမြားရဲ့ အနီရောင်စွမ်းအင်ကို အသုံးပြုမယ်ဆိုရင်တော့ သေချာရွေးချယ်ဖို့လိုမယ်လို့ဆိုပါတယ်။ ပတ္တမြားအနီရောင်ရဲ့ဘေးထွက်အာနိသင်က ဒေါသအမျက်ထွက်စေတတ်ပါတယ်။ ကောင်းကျိုးတွေကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ ကိုယ်ခန္ဓာရဲ့ စစ်ထုတ်ခြင်းနဲ့ အဆိပ်ဖယ်ရှားခြင်းတွေကိုလည်း အထောက်အကူပြုပါတယ်။ ပတ္တမြားအနီဟာ အပြုသဘောဆောင်တဲ့ စွမ်းအားတွေကို တိုးမြှင့်ပေးတယ်။ ကိုယ်မှာ ပင်ကိုယ်ရှိနေတဲ့ စင်ကြယ်မှုကိုပိုတိုးတက်စေပါတယ်။ ပတ္တမြားဟာ မျက်လုံးအတွက်လည်း ကောင်းပါတယ်။

၁.၃။ အနီရောင်နှင့် အရောင်ကုထုံး

အနီရောင်လွှမ်းမှိုးတဲ့ အဓိကချက်ကရ (root chakra, BASE chakra) နဲ့ဆက်နွယ်နေတဲ့ အင်္ဂါတွေကတော့ ကျောက်ကပ်နဲ့ ဆီးအိတ်တွေဖြစ်ပါတယ်။ ဆက်နွယ်နေတဲ့ ရောဂါတွေကတော့ ၀မ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ သွေးတိုးခြင်း ၊ တင်ပဆုံနာခြင်း ခြေလက်နာခြင်း တွေဖြစ်ပါတယ်။
အနီရောင်ကို အနွေးဓာတ်အရောင်လို့လည်းသတ်မှတ်ပါတယ်။ အနီရောင်ဟာ စွမ်းအင်လှုံ့ဆော်တဲ့အရောင်ဖြစ်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှု၊ ခြေကုန်လက်ပမ်းကျမှုတွေကို ကုသရာမှာအထောက်အကူဖြစ်စေပါတယ်။ သွေးတိုးရောဂါရှိသူတွေအတွက် အနီရောင်အရင့်အစား ပန်းရောင်ကို အသုံးပြုပြီးကုသကြပါတယ်။

အနီရောင်ကိုပြေပြေပစ်ပစ် သုံးထားတဲ့အခန်းတွေဟာ နွေးထွေး ပြီးသက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါပေမယ့် အရောင် အနုအရင့်သုံးစွဲရာမှာ တိကျဖို့လိုအပ်ပါတယ်။ အသုံးပြုတာမှားသွားရင် အခန်းကို ကျဉ်းသွားသလိုဖြစ်စေပြီး ၊ ထိတ်လန့်စိုးရိမ်စရာ ကောင်းတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။

၁.၄။ အနီရောင်သုံးစွဲသင့်သောနေရာ
အနီရောင်ကို စားသောက်ဆိုင်တွေမှာ သုံးစွဲသင့်ပါတယ်။ ခံတွင်းမြိန်စေတဲ့ဓာတ်ကို လှုံ့ဆော်ပေးဖို့အတွက်ပါ။ အထူးသဖြင့် အနီရောင် ဖျော့တဲ့ ပန်းကန် ခွက်ယောက်တွေကို သုံးစွဲပေးနိုင်ပါတယ်။ နောက်တစ်နေရာကတော့ ရုံးခန်းတွေမှာ ၀န်ထမ်းတွေကို ဖြတ်လတ်တက်ကြွသူတွေဖြစ်စေဖို့ အနီရောင်ကော်ဇောကို သုံးစွဲလေ့ရှိကြပါတယ်။ ဖုန်းရွှေဆရာတွေကတော့ ရုံးခန်းရဲ့ ၀င်ပေါက်တံခါးမှာ အနီရောင်လွှမ်းမှိုးတဲ့ ပန်းချီကားထားပေးခြင်းဟာ လာဘ်လာဘ အတွက် အဆောင်ကောင်းဖြစ်တယ်လို့ဆိုကြပါတယ်။


၂. လိမ္မော်ရောင်



၂.၁။ လိမ္မော်ရောင်နှင့် ဆက်နွယ်ခြင်း
လိမ္မော်ရောင် က အနီနဲ့ အ၀ါကြားမှာတည်ရှိတဲ့အရောင်တစ်ခုပါပဲ။ လိမ္မော်သီးရဲ့အရောင်လို့ပြောကြပါတယ်။ လိမ္မော်သီး မရောက်လာခင် က အင်္ဂလိပ်စကားပြောတိုင်းပြည်တွေမှာ ဒီအရောင်ကို geoluhread လို့ခေါ်ပါတယ်။
အခုခေတ် အင်္ဂလိပ်စကားနဲ့ဆိုရင် yellow-red လို့ အဓိပ္ပါယ်ထွက်ပါတယ်။ ပထမဆုံး လိမ္မော်ရောင်လို့ စတင်ခေါ်ဝေါ်တာကတော့ ၁၅၁၂ မှာလို့သိရပါတယ်။
လိမ္မော်ရောင် ကို ဒတ်ခ်ျစကားနဲ့ Oranje လို့ခေါ်ပါတယ်။ ဒတ်ခ်ျမင်းမျိုးမင်းနွယ်တွေနဲ့ ဆက်စပ်နေတဲ့ စကားလုံးဖြစ်ပါတယ်။ အခုအချိန်အထိ ဒတ်ခ်ျဘောလုံးအသင်းကို Orange လို့ခေါ်နေတာကလည်း လိမ္မော်ရောင် ရဲ့ရာဇ၀င်လေးတစ်ခုပါပဲ။
၂၀၀၄ နိုဝင်ဘာကနေ ၂၀၀၅ ဇန်န၀ါအထိ ကြာမြင့်ခဲ့တဲ့ ယူကရိန်းရဲ့ လိမ္မော်ရောင်တော်လှန်ရေး ကာလအတွင်းမှာ ဆန့်ကျင်ကန့်ကွက်သူတွေဟာ လိမ္မော်ရောင် ဖဲပြားတွေကို ဆင်မြန်းခဲ့ကြပါတယ်။ ဒီသင်္ကေတဟာ အကြမ်းမဖက် ကန့်ကွက်မှုရဲ့ သင်္ကေတလည်းဖြစ်လာခဲ့ပါတယ်။
ဟိန္ဒူ အယူဝါဒမှာတော့ လိမ္မော်ရောင်ဟာ မီးရဲ့အရောင်လည်းဖြစ်ပါတယ်။ ဆွာမိတွေ (swamis) ဆင်မြန်းတဲ့ သင်္ကန်းတွေဟာ လိမ္မော်ရောင်ဖြစ်ပါတယ်။ ဆွာမိရဲ့အဓိပ္ပါယ်က အာရုံတွေမှ လွတ်မြောက်သူ၊ ကိုယ့်ကိုယ်ကို ပိုင်ပိုင်နိုင်နိုင် နိုင်နင်းသူ လို့အဓိပ္ပါယ်ရပါတယ်။ ဒီလိုဆိုတော့လည်း လိမ္မော်ရောင်ဟာ အတွင်းစိတ်မှာလွတ်လပ်နေသူတွေရဲ့ အဆင်တန်ဆာတစ်ခုလည်း ဖြစ်နေပြန်တယ်။
လိမ္မော်ရောင်က သိသာထင်ရှားတဲ့အရောင်ဖြစ်တဲ့ အတွက် လမ်းပြင်တဲ့လုပ်သားတွေရဲ့ ၀တ်စုံ၊ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ဝတ်စုံ ၊ ကယ်ဆယ်ရေးလုပ်သားတွေရဲ့ ၀တ်စုံတွေမှာ အသုံးများတဲ့ အရောင်လည်းဖြစ်ပါတယ်။
လူကိုယ်ခန္ဓာမှာရှိတဲ့ အရောင်အဆင်းကိုလေ့လာတဲ့ ပညာရပ်မှာတော့ လိမ္မော်ရောင်ဟာ အသိဥာဏ်နဲ့ ခေါင်းမာမှုတွေနဲ့ဆက်စပ်နေတဲ့ အရောင်လို့ဆိုပါတယ်။ လိမ္မော်ရောင်ကို နှစ်သက်သူများဟာ ရိုးသားပြီး အသိဥာဏ်ရှိသူများလို့ဆိုကြပါတယ်။ အမျိုးသမီးတွေအတွက် ကံကောင်းစေတဲ့ အရောင်လို့လည်းဆိုပါတယ်။
လိမ္မော်ာ်ရောင်နဲ့ဆက်စပ်နေတဲ့ ချက်ကရကတော့ သရက်ရွက်ချက်ကရ (spleen chakra) ဖြစ်ပါတယ်။ အဲဒီချက်ကရကို Swadhisthana လို့လည်းခေါ်ပါတယ်။

၂.၂။ လိမ္မော်ရောင်နှင့် ကျောက်မျက်ကုထုံး
လိမ္မော်ရောင်သမ်းတဲ့ ကျောက်တွေကို အူမကြီး၊ ကျောရိုးဆစ်အဆုံးပိုင်း၊ တင်ဆုံရိုးခွေ၊ လိင်အင်္ဂါ၊ အူအတက်၊ ဆီးအိတ်နဲ့ တင်ပါး အနီးတ၀ိုက်တွေမှာ ဖြစ်ပွားတဲ့ဝေဒနာအတွက် အသုံးပြုပါတယ်။
လိမ္မော်ရောင်ဟာ ကိုယ်ခန္ဓာအတွက် လှုံ့ဆော်တဲ့ဓာတ်အားကောင်းတဲ့အတွက် စိတ်ဖိစီးမှု၊ အထီးကျန် ငြီးငွေ့မှုတွေကိုသက်သာအောင်အသုံးပြုနိုင်ပါတယ်။ (စိတ်ဖိစီးမှုအတွက် လိမ္မော်ရောင်ကို သုံးတဲ့ပမာဏဟာ တိကျတဲ့အချိုးအစားနဲ့သုံးစွဲရမှာဖြစ်ပါတယ်။)
တွေ့ရှိချက်တွေအရ စူးရှတဲ့လိမ္မော်ရောင်ဟာ လိင်စိတ်နှိုးဆွမှုအတွက် အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။


Carnelian Tumbled



Orange Calcite


Polished Fire Opal


Tumbled Sunstone

ကုသဖို့သုံးတဲ့ လိမ္မော်ရောင်ကျောက်တစ်ချို့

၂.၃။ လိမ္မော်ရောင်နှင့် အရောင်ကုထုံး
လိမ္မော်ရောင်ဟာ မျှတမှုကိုဖန်တီးပေးပါတယ်။ ကိုယ်ခံအားကိုတိုးမြှင့်နိုင်ပါတယ်။ ကာမအားကိုမြှင့်တင်နိုင်ပါတယ်။ အစာခြေစနစ်ကို အထောက်အကူပြုပြီး၊ ကျောက်ကပ်ရောဂါကိုသက်သာစေတယ်လို့ဆိုပါတယ်။ လိမ္မော်ရောင်ကို အနည်းငယ်သုံးစွဲခြင်းဟာ သိမ်မွေ့တဲ့နွေးထွေးမှုကိုဖြစ်စေနိုင်ပါတယ်။
• ပျော်ရွှင်မှု
• မိမိကိုယ်ကိုယုံကြည်မှု
• စိတ်အားထက်သန်မှု
• အမှီအခိုကင်းမှု
• ပေါင်းသင်းဆက်ဆံရေး
• အပြုသဘောဆောင်မှု
• ထိုးထွင်းသိမြင်ဖန်တီိးနိုင်မှု
စွမ်းရည်တွေကို မြှင့်တင်နိုင်တဲ့အစွမ်းရှိတယ်လို့ဆိုပါတယ်။
လိမ္မော်ရောင်ကို နေအိမ်တွေမှာသုံးဖို့သင့်တော်ပါတယ်။ သတိပြုရမှာကတော့ အိပ်ခန်းတွေမှာ လိမ္မော်ရောင်မသုံးသင့်ပါဘူး။ နောက်ပြီး စိတ်ဖိစီးမှုများနိုင်တဲ့နေရာတွေမှာ အထူးသဖြင့် သင်တန်းခန်းမတွေနဲ့ ရုံးတွေမှာ လိမ္မော်ရောင်ကို မသုံးသင့်ဘူးလို့ဆိုပါတယ်။

၂.၄။ လိမ္မော်ရောင်သုံးစွဲသင့်သောနေရာ
ဖုန်းရွှေဆရာတွေကတော့ လိမ္မော်ရောင်ကို ဧည့်ခန်းတွေမှာသုံးဖို့ အကြံပေးတယ်။ ဒါပေမယ့် ဆေးသုတ်တာမျိုးကို အားမပေးဘူး။ လိမ္မော်ရောင် အသုံးအဆောင်တွေကို စနစ်တကျသုံးစွဲဖို့ပဲအကြံပြုတယ်။ ကလေးတွေ ကစားတဲ့နေရာတွေမှာ လိမ္မော်ရောင်ကိုသုံးစွဲဖို့လိုအပ်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ကလေးကစားကွင်းတွေနဲ့ စာသင်ကျောင်းက ကစားကွင်းတွေမှာ လိမ္မော်ရောင်က သုံးစွဲသင့်ပါတယ်။


(ဆက်လက်ဖော်ပြပါမည်။)

မိုးZအိမ်
idea,august'09

Blogger Template by Blogcrowds